Part 15

12K 1.5K 106
                                    

မနေ့ညကမသောက်စဖူးဘီယာတွေသောက်ပြီး ဒီမနက်ကျကလေး၄ယောက်လုံးရော ကလေးကြီးရောအိပ်ယာကမထနိုင်သေး။ မနက် ၅ နာရီကျော်ကတည်းကနိုးနေသောကျွန်တော် ကြာလာတော့ကျောတွေပူလာသည်။

လိုက်ကာကြားကနေ ခပ်သဲ့သဲ့ဝင်ရောက်လာသောအလင်းရောင်ကြောင့် အပြင်ကိုချောင်းကြည့်မိချိန် ရောင်နီလေးနှင့်အတူမနက်ခင်းကမ်းခြေအလှတရားကဆီးကြိုနှုတ်ဆက်၏။ လမ်းလျှောက်သူတစ်ဦးစနှစ်ဦးစကိုတွေ့လိုက်မှ အဝတ်အစားလဲကာအခန်းရှေ့ထွက်လာခဲ့သည်။

အပူအအေးမျှတသောကမ်းခြေ၏ရာသီဥတုက စိတ်ကိုလန်းဆန်းသွားစေ၏။ သာယာသောနံနက်ခင်းလေး၏အလှအပကို အပြည့်အဝခံစားရင်းလုံခြုံရေးဂိတ်ဘေးမှဖြတ်လာစဉ် ယောက်ျားစက်ဘီးတစ်စီးကိုအတွေ့ မေးလိုက်မိသည်။ ဘားတန်းပါသောစက်ဘီးက ပြတိုက်တောင်ပို့သင့်နေပါပြီ။ 

နယ်မှာတုန်းကဘယ်သွားသွားစက်ဘီးလေးနှင့်ဆိုပေမဲ့ ရန်ကုန်ရောက်ပြီးမှမစီးရတာကြာလှပေါ့။ ခပ်လတ်လတ်စက်ဘီးလေးကိုပိုင်ရှင်ဦးလေးဆီမှခွင့်တောင်းယူခဲ့ပြီး ကမ်းခြေဘက်တွန်းလာခဲ့သည်။ ပြန့်ပြူးနေသောသဲသောင်ပြင်ကကျစ်လစ်နေသောကြောင့် စက်ဘီးနင်းရတာမခက်ခဲပါ။ ဟိုတယ်ရဲ့ဘယ်ဘက်ခပ်ဝေးဝေးဆီက ချစ်သူများကျွန်းရှိရာသစ်ပင်စုတန်းဆီဦးတည်၍ ခပ်ဖြည်းဖြည်းနင်းလာခဲ့၏။

ပင်လယ်ပြင်ကနေအရှိန်ပြင်းပြင်းနှင့်ပြေးလာပြီး ကမ်းစပ်နားရောက်မှခပ်ပြင်းပြင်းရိုက်ခတ်ကာ ပြန်ပြေးဆင်းသွားသောရေလှိုင်းသံများက စည်းချက်ကျကျ။ ဘယ်ချိန်ကစဖြစ်တည်ခဲ့လဲမသိသော ခရုလိုမျိုးပင်လယ်ရေသတ္တဝါလေးတွေစုပုံခြင်းကနေဖြစ်တည်လာသည့် ရေစပ်ကကျောက်ဆောင်စုစုချွန်ချွန်လေးတွေက အမြင်သာလှပြီးဖိနပ်များမပါလျှင်အသားကိုဆွဲခွဲနိုင်သောအစွန်းချွန်ချွန်များနှင့်ဖြစ်၍ လက်လွတ်စပယ်မတက်ရဲပါလေ။ အညာသားရေကြောက်တဲ့ကျွန်တော်က ပင်လယ်ပြင်ကြီးရဲ့အလှတရားကိုအဝေးကသာခံစားသက်ဝင်ရဲသည်။ ထိတွေ့ဖို့ကျစိုးရွံနေမိ၏။

မနေ့ညနေကတစ်ဖွဲ့လုံးရေထဲဆင်းကြပေမဲ့ ပေါင်လည်လောက်ရေနက်ကနေထပ်မတိုးရဲခဲ့။ ဒါတောင်လှိုင်းရိုက်လိုက်ရင်ခေါင်းထိမြုတ်သွားတတ်တာမို့ ဒူးလောက်ရေအနက်မှာထိုင်နေတော့ နေနှင့်ရှိုင်းကရေနက်ထဲကိုဆွဲချကြ၏။ ကျွန်တော်ကလွဲလို့အကုန်ရေကူးတတ်
ကြတာမို့ ရေကြောက်သည့်သူမပါ။ ဘောကွင်းတွေလွယ်ကာရေနက်ထဲထိသွားတတ်ကြခြင်းကို စိုးရိမ်နေပေမဲ့ သူတို့ကတော့နည်းနည်းလေးမှကြောက်သည့်ပုံမပေါ်။

ဆုံစည်းခွင့်Opowieści tętniące życiem. Odkryj je teraz