Part 14

10.3K 1.5K 102
                                    

"အစ်ကို"

ရုတ်တရက်ခေါ်သံကြောင့်လှည့်ကြည့်မိတော့ ကလေးသူငယ်ချင်းရှမ်းလေး။ ဂီတာကြီးကိုင်ကာတစ်ဖက်ဝရံတာကိုကျော်ခွပြီး ကျွန်တော်ရှိရာဆီကူးလာသူကခပ်ကျဲကျဲချထားသောကြိမ်ခုံအဝိုင်း​ကြီးတွင်ဝင်ထိုင်၏။

"တခြားသူတွေရော"

နေ့လည်စာကိုအခန်းထဲပို့ပေးပြီး ရေချိုးခဏအနားယူပြီးမှအခန်းအပြင်ဘက်ထွက်ပြီးငေးမောနေချိန်တွင် ရှမ်းလေးရောက်လာခြင်းဖြစ်သည်။

"ညနေအတွက်အဝတ်အစားတွေရွေးနေကြတယ်။ ဓာတ်ပုံရိုက်မှာမို့ အမိုက်တကာအမိုက်ဆုံးဒီဇိုင်းတွေရွေးနေကြလေရဲ့"

ပြုံးစိစိလေးဖြေပြီးဂစ်တာကြိုးတွေကိုညှိနေတော့ ထိုင်ကြည့်နေမိ၏။ အမျိုးအစားကောင်းကောင်းဟော်လိုဂီတာဖြစ်သောကြောင့် အတီးကျွမ်းကျင်မယ်လို့တော့ထင်ရတာပဲ။ ထိုစဉ် လုံခြုံရေးဦးလေးကြီး၂ ယောက်က အုန်းသီးစိမ်းတွေလာပို့သည်။ ဂီတာကိုချကာပါးစပ်ပြင်နေသောရှမ်းလေးကိုတစ်လုံးလှမ်းပေးလိုက်တော့ ချက်ချင်းယူသောက်ပြီးမှလက်မလေးထောင်ပြ၏။ အပြုအမူလေးတွေကတစ်ဖွဲ့လုံးတစ်ပုံစံထဲ။ ဖြူဖြူအုအုပိစိကွေးလေးတွေနှင့် ချစ်စရာအကောင်ပေါက်စလေးတွေ။

အခုခေတ်ကလေးတွေက ရုပ်ကလေးတွေချစ်စရာကောင်းအောင်သန့်လွန်းကြသည်။ အချောအလှပေါတယ်ပြောရလား။ ကျွန်တော်တို့နယ်မှာထက် ရန်ကုန်မြို့ကလူငယ်လေးတွေက ဘယ်သူ့ကြည့်ကြည့်ရုပ်ထွက်ကောင်းကြ၏။ အဝတ်အစားအပြင်အဆင်ပဲကွဲလွဲလို့လားတော့မသိပါ။ ကျွန်တော့်မျက်လုံးထဲမှာတော့ အားလုံးချောနေကြတာပါပဲ။ လာပို့တဲ့ဦးလေးကြီးက အကောင်းဆုံးလို့ပြောပြီးပေးသွားသောအုန်းသီးကိုလက်ထဲပိုက်ထားပြီးထိုင်နေစဉ် တစ်ဖက်အခန်းတံခါးပွင့်လာပြီးရှိုင်းထွက်လာ၏။

ဗွီရှိတ်လည်ပင်းပေါက်တီရှပ်အဖြူပွပွနှင့် ရဲရဲတောက်နေသောဒူးလောက်ဘောင်းဘီတိုက နဂိုအသားအရည်ကိုပို၍ထင်းလင်းနေအောင်ပံ့ပိုးပေးနေသည့်အလား နုဖတ်နေပါတော့သည်။ အုန်းသီးပိုက်ကာသောက်နေသောရှမ်းလေးကိုကြည့်ပြီး အောက်နှုတ်ခမ်းလေးကရှေ့ကိုထော်ထွက်လာ၏။

ဆုံစည်းခွင့်Where stories live. Discover now