Arc 4.12

1.4K 232 50
                                    

နေသန်က ဒဏ်ရာဖြင့် လဲကျနေသာ အဖွဲ့သားများအား တချက် ကြည့်လိုက်သည်။ ဒီလူများသည် ကိုယ်တိုင်ရွေးချယ်မှုကြောင့်ဟု ဆိုသော်လည်း အိန်းဒရူးကို ယုံကြည်၍ (သွယ်ဝိုက်သောအားဖြင့်) မိမိကြောင့်သာ အဆင်ပြေနေသောVex မှ ခွဲထွက်လာရပြီး အနေဆင်းရဲ အစားဆင်းရဲနှင့် ဒီလိုတိုက်ခိုက်ခံရသည့် အဖြစ်မျိုးကို ရောက်ရသည်။

အခြေအနေက မဖြစ်မနေ ဆုံးဖြတ်မှ ရတော့မည်။ အိန်းဒရူး တွေဝေနေရင်တောင် နေသန်တုံ့ဆိုင်းနေလို့ မဖြစ်တော့။ အိန်းဒရူးကိုလည်း ဒီထက်ပို၍ တွေဝေမနေစေချင်တော့။

အိန်းဒရူးအတွက် Vex ခေါင်းဆောင်သည် ဖခင်ကဲ့သို့ ဆရာကဲ့သို့ လေးစားချင်ခင်စရာ ဖြစ်ပေမယ့် နေသန့်ဘက်က ကြည့်လျှင်တော့ လူ့အသိုင်းအဝိုင်းကို ဒုက္ခပေးမည့် လူ့တိရစ္ဆာန်တစ်ကောင်ထက် မပိုပေ။ နေသန် ယခုချိန်ထိ အသက်ရှင်ခွင့်ပေးထားခြင်းမှာ အိန်းဒရူး၏ စိတ်အခြေအနေကို စိုးရိမ်၍သာ ဖြစ်သည်။ မကြာသေးခင်ကမှ မျက်နှာဖုံးကွာကျလာပေမယ့် တသက်လုံး ကျေးဇူးရှင် သူတော်ကောင်းကြီးအဖြစ် ယုံကြည်လာသော အဖေကဲ့သို့လူတယောက်ကို.. သိတာမကြာသေးတဲ့နေသန့်ကိုယုံပြီး ပုန်ကန်ဖို့ ဆိုတာက စိတ်ဓာတ်ခွန်အားများစွာ လိုအပ်နိုင်သည်။

နေသန်က တိုက်ပွဲထဲသို့ အေးအေးဆေးဆေးဝင်သွားသည်။ သို့သော် လှုပ်ရှားမှုမရှိ၊ မူပိုင်အပြုံးခပ်ဖျော့ဖျော့လေးကိုသာ ဆင်ယင်ထားပြီး အိန်းဒရူးကို စောင်းငဲ့ကြည့်နေသည်။  နေသန့်လက်များက ပြေလျော့နေပြီး တိုက်ကွက်ဖော်မည့် အနေအထားမရှိ။  ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ရှုပ်ထွေးသွားပုံရပေမယ့် နေသန်က ပြတ်သားစွာ "စ တော့" ဟု ဆိုသည်။ နေသန်က ဒီအခွင့်အရေးကို အသုံးချပြီး အိန်းဒရူး ပြတ်သားစေသင့်ပြီဟု ဆုံးဖြတ်လိုက်သည်။

ခေါင်းဆောင်က Pyro အသုံးပြုသူဖြစ်ပြီး အရှိန်ငြီးငြီးတောက်နေတဲ့ မီးလျှံကို ထုတ်ဖော်လိုက်သည်။ နေသန်က လှုပ်ရှားမှု မပြုပဲ ခေါင်းဆောင်ဘာလုပ်နေနေ လျစ်လျှူရှုထားဆဲဖြစ်သည်။ တိုက်ပွဲထဲဝင်ပြီး ရန်သူအပေါ်မှာ အာရုံမထားခြင်းက အိန်းဒရူးကို စိုရိမ်ပူပန်စေသည်။

The Stranger I love (System)Where stories live. Discover now