Chapter 2

2.8K 299 3
                                    

    Unicode Ver

    တစ်ရက်အကြာတွင် လဲ့ထင်း လမ်းရှိ ဖြစ်ရပ်သည်  လုံး၀ကိုမတော်တဆမှု တစ်ခုဖြစ်ကြောင်း ပြောရန် ဂိုဏ်းတူညီငယ်လေးတစ်ယောက်သည် အပြေးရောက်လာခဲ့၏။
     ကျင့်ကြံရေးလောကရှိ နံပါတ်တစ်ကျင့်ကြံရေးဂိုဏ်းတစ်ခုအနေဖြင့် ထိုက်ဟွားတောင်သည် အရပ်ဒေသပေါင်းစုံရှိ တပည့်များအား ဆယ်နှစ်တစ်ကြိမ်လက်ခံလေ့ရှိသည်။ အချိန်ဆယ်နှစ်သည် ကျင့်ကြံရေးသမားများအတွက်တော့ တံခါးပိတ်လေ့ကျင့်ခြင်း တစ်ခါမျှစာသာ ကြာမြင့်သည်ဖြစ်၏။ တပည့်များအားလက်ခံသည့်ပုံစံကြောင့် ဂိုဏ်းရှိအကြီးအကဲများအနေဖြင့် တိုက်ရိုက်စီမံရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် တပည့်အသစ်လက်ခံရေးနှင့် စပ်လျဉ်း၍ မျိုးဆက်သစ်တပည့်ငယ်လေးများအား အလုံးစုံတာ၀န်ပေးထားလေ့ရှိသည်။
     လော့ကျန်းချင်သည် ထိုက်ဟွားတောင်၏ ပင်မ တပည့်ခေါင်းဆောင်တစ်ဦးဖြစ်သလို ထိုက်ဟွားတောင်၏ သတ္တမတောင်ထွဋ်ဖြစ်သော ယွီရှောင်း တောင်ထွဋ်၏ တစ်ဦးတည်းသော တပည့်လည်းဖြစ်သည်။ လွန်ခဲ့သောဆယ်နှစ်က သူသည် တပည့်အသစ်ရွေးခြယ်သည့် ပြိုင်ပွဲအားစီမံပေးခဲ့ သော် လည်း ဒီနှစ်တွင် ကံအား‌လျော်စွာဖြင့် အပြင်လောကအား ခရီးထွက်ရလေသည်။ထို့ကြောင့် ဤတာ၀န်သည် ထိုက်ဟွားတောင်၏ တတိယစီနီယာ အစ်မဖြစ်သော ဝေ့ချုံးယင် ထံသို့ကျရောက်လာတော့သည်။
     သို့‌သော် လဲ့ထင်းလမ်း ၌ မတော်တဆဖြစ်ပွားခဲ့သည်။လဲ့ထင်းလမ်းတွင် ဝိညာဉ်ကျောက်တုံးများဖြည့်ရန် တာ၀န်ယူထားသော တပည့်သည် သတိလက်လွတ်ဖြစ်ကာ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးများအား အဆင့်နိမ့်ကျောက်တုံးများနှင့် မှားယွင်း ထားမိခဲ့လေသည်။ထိုသို့မှားယွင်းမှုကြောင့် ရုတ်တရက်အန္တာရယ်များလာကာ ဘေးဒုက္ခဖြစ်လုနီးပါးပင် ဖြစ်ခဲ့လေသည်။
     ဝေ့ချုံးယင်သည် သူမအမှားလုပ်မိကြောင်းသိသဖြင့် အပြစ်ခံယူရန် စစ်ကောင်းချောက်ကမ်းပါးသို့ တစ်လကြာ တွေးတောဆင်ခြင်သည့်အနေဖြင့် တရားထိုင်ရန်သွားရောက်ခဲ့ရကာ ထို့နောက် တောင်ထွဋ် ခုနစ်ခုလုံးရှိ စစ်ဆေးပွဲများကို လော့ကျန်းချင်ထံသို့ လွဲပေးခဲ့လေသည်။
     မိုင်ထောင်ချီအကွာဝေးကနေလာတဲ့  ဝေ့ချူံးယင်၏ အသံပို့ဆောင်ချက်ကို နားထောင်ပြီးတဲ့နောက် လော့ကျန်းချင်ဟာ ရီရမလား ငိုရမလားတောင် မသိတော့ပေ။
     "ဂိုဏ်းတူအစ်ကိုကြီးလော့!  ထိုက်ဟွားတောင်ရဲ့ တောင်ထွဋ်ခုနစ်ခုလုံးမှာ အစ်ကိုကြီးရဲ့ ယွီရှောင်းတောင်ထွဋ်က အလုပ်မရှိဆုံးပဲ၊ဒီတစ်ကြိမ်က ညီမ အမှား လုပ်မိသွားတယ်၊ဒါကြောင့်အပြစ်ပေးခံရမယ်၊ညီမတို့ရဲ့ တိုက်ခိုက်ရေးခေါင်းဆောင် ဦးလေးရဲ့ အဆိုအရ အစ်ကိုကြီးကို တောင်ထွဋ်အားလုံးရဲ့ စမ်းသပ်စာမေးပွဲကို ကူညီပေးဖို့ တောင်းဆိုတာပါ၊ ကျေးဇူးအများကြီးတင်ပါတယ်၊ညီမ ဝေ့ချုံးယွင်ပါ"
      ဘယ်သူတွေကများ 'မင်းက အလုပ်မရှိဆုံးသူပဲ' လို့ပြောပြီး အကူအညီတောင်းကြလို့လဲ?
     ဝေ့ချုံးယွင်ဟာ သူ့အရင်ဘ၀တုန်းက ဝေ့ချူံးယွင်နှင့်တူညီနေဆဲပင်။ သူမသည် မည်ကဲ့သို့ ကျင့်ကြံရမည်ကိုသာ သိရှိပြီး ဘယ်လိုမျိုးပြုမူရမလဲဆိုတာကို မသိသူဖြစ်သည်။
      လော့ကျန်းချင်ဟာ ထိုကိစ္စအား မငြင်းဆန်ခဲ့ချေ။ တစ်ကယ်တမ်းကျ တောင်ထွဋ်အားလုံး၏ စမ်းသပ်စာမေးပွဲများကို အရင်ဘ၀တွင်လည်း ကိုင်တွယ်ခဲ့ဖူးသည်သာ။သူသည် သာမန်ခန္ဓာကိုယ်တည်ဆောက်ပုံရှိသည့် ကလေးအား ဗလာသက်သက်အကြည့်ဖြင့်ကြည့်နေကာ ထိုသည်မှာ သဘောထားကြီးသည့် သူတော်စင်တစ်ပါးကဲ့သို့ပင်။ဆယ်ရက်တာကာလအတွင်းမှာပဲ ထိုကလေး၏ ခွန်အားသည် အများအပြား တိုးတက်လာခဲ့ပြီး နောက်ဆုံးတွင် စမ်းသပ်စာမေးပွဲအား ဒုတိယအဆင့်ဖြင့်အောင်မြင်သွားကာ ယွီရှောင်းတောင်ထွဋ်သို့ တိုက်ရိုက်၀င်ရောက်နိုင်ခဲ့၍ ယွီရှောင်းတောင်ထွဋ်၏ ဒုတိယမြောက်တပည့်ဖြစ်လာခဲ့သည်။
       လွန်ခဲ့သည့်သုံးရက်က လော့ကျန်းချင်သည် အလောင်းကောင်များ၏ အလယ်၌ နိုးထလာခဲ့သည်။
      သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများသည် ကျိုးနေသလိုခံစားရပြီး သူ့၏ခေါင်းသည်ကား ကျင်း*တစ်ထောင်လောက်ရှိသည့်အလေးနှင့် အထုခံထားရသလိုပင်။ (T/N - ကျင်း (Jin)က တရုတ်ယူနစ်ဖြစ်ပြီး တစ်ကျင်းမှာ ၁.၁ပေါင် ဒါမှမဟုတ် ၀.၅ ကီလိုဂရမ် ရှိတယ်လို့ ဂလူးဂလူးက ပြောပါတယ်)  သူ၏အဖြူရောင်၀တ်စုံမှာ ရွှံ့များပေကြံနေကာ သွေးအိုင်ထဲတွင်နစ်ထားသကဲ့သို့ ဖြစ်နေသည်။သူ၏ပတ် ပတ်လည်တွင်  ရာပေါင်းများစွာ‌‌သော မိစ္ဆာအလောင်း ကောင်များဖြင့်ပြည့်နှက်နေလေသည်။လော့ကျန်းချင်သည် သူ ငရဲသို့ရောက်နေသည်ဟု တွေးလိုက်သော်လည်း သူ့ဝိညာဉ်စွမ်းအင်တွေဟာ အလိုအ  လျောက် မြင့်တက်လာသည်ကိုတွေ့လိုက်ရသဖြင့် အလွန်ပျော်ရွှင်သွားလေသည်။ ထိုအချိန်မှာပဲ  သူရောက်ရှိနေသော နေရာသည် ၀မ်ရှို့ တောင်တန်းဖြစ်သည်ကို ရုတ်တရက်မှတ်မိသွားလေသည်။
        လွန်ခဲ့သောနှစ်များစွာတုန်းက သူသည် ၀မ်ရှို့တောင်သို့ လာရောက်ကာ မိစ္ဆာများအားသတ်ရသည်ကို အင်မတန်နှစ်သက်ခဲ့ပြီး ထိုနေရာသို့ တစ်ကြိမ်ရောက်တိုင်း နှစ်နှစ် သုံးနှစ်လောက် ထိုက်ဟွားတောင်သို့ မပြန်ဖြစ်ခဲ့ပေ။
        မိစ္ဆာများအားသတ်ပါက ထိုနေရာ၌သူ့အားအပြစ်ပေးမည့်သူ တစ်ယောက်မှ မရှိပေ။ ယင်းနေရာ၌ မည်သည့်စည်းမျဉ်းစည်းကမ်းမှ မရှိသည့်အတွက် မိစ္ဆာကျင့်ကြံသူများသည် ထိုနေရာသို့လာရောက်ကာ လူသားကျင့်ကြံသူများအား အမဲလိုက်သတ်ဖြတ်လေ့ရှိကြလေသည်။ ထို့အပြင် မိစ္ဆာကျင့်ကြံသူများနှင့် လူသားကျင့်ကြံသူတို့သည် သူတို့ ၏ရန်ငြိုးအာဃာတများ ဖြေရှင်းရန်အတွက်လည်း ထိုနေရာသို့ မကြာခဏလာရောက်ကြ၏။ထိုနေရာ၌ အစုလိုက်အပြုံလိုက် လူသတ်မှုများဖြစ်ပွားလေ့ရှိကာ မည်သူတစ်ဦးတစ်‌ယောက်မှလည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်းမရှိကြချေ။
       နိုးထလာခဲ့ပြီးနောက် လော့ကျန်းချင်သည် အပြည့်အ၀မနိုးကြားလာသေးဘဲ မိစ္ဆာအလောင်း  ကောင်များ၏ အလယ်တွင်ထိုင်ကာ သူ၏ အတိတ်ဘ၀အကြောင်းတွေးတောနေခဲ့သည်။ သူသည် လီရှို့ချန်း   ထိုက်ဟွားတောင်အားမ၀င်ရောက်ရသေးချိန် သူ၏ ဂျူနီယာညီငယ်လေးအဖြစ် မရောက်ရှိ‌သေးချိန်ဖြစ်သော   လွန်ခဲ့သော ဆယ့်ရှစ်နှစ်အားပြန်ရောက်နေသည်ကို သိရှိပြီးသွားပြီဖြစ်သည်။
     ယခုတွင်တော့သူသည် လီရှို့ချန်း ဂိုဏ်းအတွင်းသို့ရောက်ရှိလာပြီးနောက် အရေးကြီးဆုံးရက်သတ္တပတ်ကို အချိန်ကိုက်ရောက်ရှိလာခဲ့သည်။
      ထိုအချက်ကိုသဘောပေါက်ပြီးနောက် လော့ကျန်းချင်သည် ထိုက်ဟွားတောင်အားပြန်ရန် အမြန်လှုပ်ရှားလေတော့သည်။ သူသည်ထရပ်လိုက်ကာ ခြေတစ်လှမ်းစာသာလှမ်းရသေးချိန်တွင်တစ်စုံတစ်ခုသည်ကောင်းကင်မှ ပြုတ်ကျလာကာ သူ့ခန္ဓာကိုယ်ကိုယ်ကို တိုက်ရိုက်ထိမှန်သွားလေသည်။ လော့ကျန်းချင်သည် သူ၏လက်ကိုမြောက်ကာ လျှို့ဝှက်လက်နက်ဟုယူဆသော အရာအား ဖမ်းကိုင်လိုက်လေ၏။ ထို့နောက် ထိုအရာအား ငုံ့ကြည့်လိုက်ပြီး
           " အမတလမ်းစဉ်အား ရှာဖွေခြင်း ?"
     စာအုပ်ကို ဖွင့်ကြည့်ပြီးသည့်နောက် လော့ကျန်းချင်၏ ဘ၀တစ်ခုလုံးသည် ပြောင်းပြန်လှန်သွားသကဲ့သို့ပင်။
       သူ့ကမ္ဘာသည် ၀တ္ထုစာအုပ်တစ်အုပ်ဖြစ်ကာ စည်းမျဉ်းစည်းကမ်းတွေ ယုတ္တိဆန်‌ဆန်တွေးခေါ်မှုတွေ သုံးဖက်မြင် အမြင်တွေကို ဆန့်ကျင်နေပြီး အဓိကဇာတ်ဆောင်အားအလွန်တရာမြှောက်စားထားသည့် ကျင့်ကြံရေးလောက ၀တ္ထု တစ်ခုဖြစ်ကြောင်းကို သိရှိခဲ့ရလေသည်။
        လိရှို့ချန်းသည် ခေါင်းမော့နေစဉ်တွင်‌တော့ သူသည် ကောင်းချီးမင်္ဂလာတစ်ခုလိုဖြစ်ပြီး သူ၏ခေါင်းကိုငုံ့လိုက်သည့်အချိန်တွင်တော့ သူသည် မှော်၀င်သားရဲတစ်ကောင်နှင့် တူသည်။ လီရှို့ချန်းသည် ထိုက်ဟွားတောင်သို့ ပထမဆုံးရောက်စဉ်ကတည်းက ရေထဲသို့လွှတ်လိုက်သော ငါးတစ်ကောင်ကဲ့သို့ပင်။ သူသည် ကောင်းကင်အောက်ရှိ ကံကောင်းမှုအားလုံးကို အရယူထားနိုင်လေသည်။စာအုပ်ထဲ၌ မိန်းကလေးငယ်လေးများသည် သူ့အားတွေ့သည့်အချိန်တိုင်း မနှစ်သက်သည့် သဘောထားများရှိကြသော်လည်း သူ့အတွက် ထိုအလှလေးများကို သူရဲကောင်းဆန်ဆန်ကယ်တင်နိုင်ရန် အခွင့်ရေးတစ်ခုက အမြဲတမ်း တမ်းစောင့်ကြိုနေပြီး ထိုမိန်းကလေးများ၏ သူ့အပေါ်အမြင်အား လုံး၀ပြောင်းလဲသွားစေကာ  သူတို့ရဲ့နှလုံးသားအား သူ့အပေါ်အပ်နှင်းကြ‌လေသည်။
      စာအုပ်ကိုဖတ်ပြီးသည့်အခါတွင်တော့ လော့ကျန်းချင်၏ အမူအယာမှာ မကောင်းတော့ချေ။သူ၏ လှပသောမျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေကာ သူ၏ ဖီးနက်မျက်လုံးများမှာတော့  တင်းကျပ်စွာ မျက်မှောင်ကြုပ်ထားလေသည်။ ထို့နောက် သူ၏ဓားအားထုတ်၍ သူ့အား တိတ်တဆိတ် သတ်ရန်ချောင်းနေသော မိစ္ဆာကောင်အား သတ်လိုက်ကာ ထိုက်ဟွားတောင်ဆီသို့ သူ၏ဓားအား စီးနင်းကာ အမြန်ပြန်လာ‌ခဲ့လေသည်။
     သို့သော် ထိုစာအုပ်သည် ပြည့်စုံပုံမရဘဲ လီရှို့ချန်းသည် လော့ကျန်းချင်၏ နေရာကို အစားထိုးကာ ထိုက်ဟွားတောင်၏ လူချစ်လူခင်များသော ဂိုဏ်းတူညီငယ်လေးအဖြစ် ပြောင်းသွားသည့် အကြောင်းကိုသာ  ပြောခဲ့လေသည်။ ထို့အကြောင်းအရာအား ဖတ်ပြီးနောက် လော့ကျန်းချင်သည် လီရှို့ချန်း၏ လုပ်ကြံ မှုတွေကို တစ်ကြိမ်ပြီးတစ်ကြိမ် ကြုံတွေ့ရမည်ကို သိသွားခဲ့သည်။ သူသည်ဒေါသနှင့် စိတ်လိုက်မာန်ပါမှုကို မထိန်းချုပ်နိုင်တော့ဘဲ လီရှို့ချန်း၏မှော်၀င်သားရဲကို သတ်လိုက်ကာ လီရှို့ချန်းအား လျို့ဝှက်နယ်မြေ အတွင်းတွင် ဒဏ်ရာရစေခဲ့သည်။ ထို့ကြောင့် သူသည် ထိုက်ဟွားတောင်မှ နှင်ထုတ်ခံခဲ့ရ၏။
        -သိသာစွာပဲ လျို့ဝှက်နယ်မြေ အတွင်းတွင် စောင့်ကြပ်ထားသော ရတနာတစ်ခုရှိပြီး ထိုအရာကြောင့် သူနှင့်လီရှို့ချန်းတို့ တိုက်ခိုက်ခဲ့ကြခြင်းသာ။ နောက်ဆုံးကျ သူသည် လီရှို့ချန်းအား နောက်ကွယ်မှ ခိုးကာ တိုက်ခိုက်သည့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
      ၀မ်ရှို့တောင်တန်းကနေ ထိုက်ဟွားတောင်ဆီသို့ ပြန်လာသည့် ခရီးတစ်လျှောက်လုံး သူသည် "အမတလမ်းစဉ်အား ရှာဖွေခြင်း"အား အစကနေအဆုံးထိ ဆယ့်နှစ်ကြိမ် ဖတ်ခဲ့သည်။
      အရင်ဘ၀က သူ့နှလုံးအား ဓားဖြင့်ထိုးခံလိုက်ရသည့် ခံစားချက်သည် သူ၏ မှတ်ဥာဏ်ထဲ၌ ရှိနေဆဲပင်။ ဒီဘ၀မှာတော့ ထိုကဲ့သို့ အဖြစ်မျိုး ဒုတိယအကြိမ် ထပ်ဖြစ်ခွင့် ပြုမည်မဟုတ်တော့ပေ။
       ထိုက်ဟွားတောင်သို့မရောက်မီ လဲ့ထင်းလမ်း တွင် သူသည် သူ့အားဓားဖြင့်ထိုးခဲ့သော လီရှို့ချန်းအား ပြန်လည် မှတ်မိသွားခဲ့လေသည်။သို့သော် ၎င်းသည်  တွေးရုံမျှသာဖြစ်ပြီး လဲ့ထင်းလမ်း၌ ဂိုဏ်းတူ ညီလေး ညီမလေးတွေ အများကြီးက သူ့အား စောင့်‌ ကြည့်နေသောကြောင့် မည်သည့် အမှားနှင့် ထူးဆန်းသည့် အမူအရာအား လုပ်ရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည်  ရိုးသားသည့် မိန်းကလေးအား မိုးကြိုးအပစ်ခံရကာ သနားစရာကောင်းစွာသေရမည့်အရေးမှ ကယ်တင်ကာ ဇာတ်ကြောင်းအားပြောင်းလဲရန်ကြံစည်ခဲ့သည်။
        ဒါပေမဲ့လည်း.........
        "ဂိုဏ်းတူအစ်ကိုကြီးလော့၊ ဒါက ဒီနှစ်တပည့်အသစ်တွေရဲ့ စာရင်းပါ၊ ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပေးပါ"
       လော့ကျန်းချင်သည် နာမည်ဒါဇင်ပေါင်းများစွာကို ကြည့်လိုက်ပြီးနောက် လီရှို့ချန်း၏ နာမည်အားတွေ့လိုက် ချိန်တွင်တော့ သူ့၏နှုတ်ခမ်းသည် အနည်းငယ်ကွေးညွှတ်သွားလေသည်။သူသည် ပြုံးနေရင်းနှင့်ပင် သူ့အ‌‌ရှေ့ရှိ ဂိုဏ်းတူညီလေးအား  သူ၏ မျက်လုံးကို ပင့်ကြည့်လိုက်ကာ ညင်သာစွာဖြင့်" ဒီ လီရှို့ချန်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သာမန်ပဲရှိတာ ငါမှတ်မိတယ်၊ဒါတောင် သူက ဂိုဏ်းထဲ၀င်ခဲ့သေးတာလား"
       တရားမျှတပြီး ရည်မွန်သည့် မျက်နှာ နှင့် လေကဲ့သို့ အေးစက်နေသည့် အပြုံးအားကြည့်ပြီး ထိုဂိုဏ်းတူညီလေးသည် အကူညီမဲ့စွာ သူ၏တံတွေးအား မျိုချလိုက်ကာ တုန်ယင်သည့်အသံဖြင့်  "လီရှို့ချန်းရဲ့ ဖွဲ့စည်းပုံက မကောင်းပေမဲ့ သူက လဲ့ထင်းလမ်းကို ဖြတ်ကျော်ခဲ့တယ်၊ဂိုဏ်းတူအစ်ကိုကြီးလော့..အစ်ကိုကြီးက လျှပ်စီးတွေကိုရပ်တန့်အောင် တိုက်ခိုက်ပြီးတဲ့အချိန်မှာ လဲ့ထင်းလမ်းက သူ့အလိုလိုပိတ်သွားခဲ့တယ်၊ဒါကြောင့် အစ်ကိုကြီးက ဂိုဏ်းတူ ညီလေး ညီမလေး ဆယ့်လေးယောက်လုံးကို လက်ခံရလိမ့်မယ်" သူသည် စမ်းသပ်ပွဲ၌၀င်ပြိုင်ခဲ့သောလူအားလုံးနီးပါးကို လက်ခံခဲ့ရလေသည်။
        လော့ကျန်းချင်သည် သူ၏မျက်ခုံးကို ပင့်လိုက်ပြီး မည်သည်မျှ မပြောတော့ပေ။ ဂိုဏ်းတူညီလေးသည် သူ့အား ရိုသေလေးစားသည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။သူသည် လော့ကျန်းချင်၏ အခန်းထဲမှ ထွက်လာပြီးနောက် သူ၏ခေါင်းအား ခြောက်ကြိမ်လောက် ‌ခါလိုက်လေသည်။ သူပြောခဲ့သည်မှာ သုံးရက်ကြာပြီးလျှင် လော့ကျန်းချင်အား လူသစ်လေးများ၏ စမ်းသပ်စာ‌မေးပွဲအားတာ၀န်ယူပေးဖို့ပင်။
        လော့ကျန်းချင်းသည် သူ၏တောင်းဆိုချက်များအားတစ်ခုပြီးတစ်ခု လက်ခံပေးခဲ့သည်။ထိုဂိုဏ်းတူ ညီလေးထွက်သွားပြီးနောက် သူ့နှုတ်ခမ်းပေါ်ရှိ အပြုံးသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။သူသည် လေးပင်စွာသက်ပြင်းချလိုက်ပြီး ယွီရှောင်းတောင်မှ ထွက်ရန် ထရပ်လိုက်လေသည်။ သူပြန်ရှင်သန်လာပြီးနောက် နေ့တစ်၀က်သာရှိသေးသော် လည်း သူ၌ဖြေရှင်းစရာအလုပ်များရှိနေလေပြီဖြစ် သည်။
          သုံးရက်ကြာပြီးနောက် အချိန်စာရင်းအတိုင်း စမ်းသပ်စာမေးပွဲများ စတင်ခဲ့လေ၏။
          လူသစ်နှစ်ဆယ့်ခုနစ်ယောက်သည် စာမေးပွဲကျင်းပမည့် ကွင်းပြင်၌ ရပ်နေကြကာ သူတို့ပတ်၀န်းကျင်ရှိ ရွယ်တူကလေးများကို စူးစမ်းသောမျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ လူသစ်နှစ်ဆယ့်ခုနစ်ယောက်ထဲတွင် လူအများ၏မျက်လုံးများကို ဖမ်းစားနိုင်သည့် ချစ်စရာ ကောင်းသော လျို့ရှောင်းရှောင်အပါအ၀င် စုစုပေါင်း မိန်းကလေး ရှစ်ဦးသာရှိသည်။သူမ၏ဘေးတွင်တော့ သူမဘေးသို့ တစ်ချိန်လုံး ဆွဲခေါ်ခံထားရသည့် ကောင်လေးသည် သူ့ဘေးရှိ မည်သူ့ကိုမျှ အာရုံမစိုက်ဘဲ စကားပြောနေ၏။
          ထိုကောင်လေးသည် ထူးချွန်သည်ဆိုရင်တောင်မှ သူ့တွင် အခြေခံတည်ဆောက်ပုံသာရှိလေသည်။
          သူရောက်ရှိလာခြင်းက လူအများကို အာရုံစိုက်စေပြီး  မိန်းကလေးတွေနှင့်ပတ်သက်၍ ကံကောင်းလွန်းသော အထူးသဖြင့် တတိယအဆင့်ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် မိန်းကလေးတပည့်အသစ်ကဲ့သို သူမျိုးကိုတောင် သူ့အားသဘောကျစေရန် လုပ်ဆောင်နိုင်သည့် သူအား တွေ့ချင်နေကြလေသည်။
          "အစ်ကိုကြီး ချန်း၊ သေချာလေ့ကျင့်လာတယ်မလား၊အစ်ကိုကြီးက ဒီလူတွေကို မသိဘူးလို့ ညီမလေးထင်တယ်၊ဒီနေ့တစ်ခုခုမှားနေတယ်လို့ မထင်ဘူးလား"
          လီရှို့ချန်းသည် ဂရုမစိုက်စွာ ခေါင်းညိမ့်လိုက်ပြီး-
              "အင်း"
         တစ်ဖက်လူ၏ ဂရုမစိုက်သည့်ပုံအားတွေ့လိုက်ရသည့်အခါ လျို့ရှောင်းရှောင်း၏ မျက်နှာသည် ၀မ်းနည်းစွာ မျက်မှောင်ကြုပ်သွားပြီး
          "အစ်ကိုကြီးချန်း ညီမလေးတို့ ထိုက်ဟွားတောင်ကို ၀င်ရင် ညီမလေးတို့ မသေမျိုးတွေဖြစ်လာပြီး အိမ်ကမိဘတွေလည်း ပျော်ရွှင်ကြမယ်လို့ ပြောခဲ့တယ်မလား၊ဒါပေမဲ့ မနေ့တုန်းက ဂိုဏ်းတူအစ်ကိုက ညီမတို့ အိမ်ကို ပြန်ချင်တဲ့အချိန်တိုင်း ပြန်လို့မရတော့ဘူးလို့ပြောတယ်"
         လီရှို့ချန်းသည် မပျော်ရွှင်စွာဖြင့် " မင်းမကြာခင်မှာ ဒါမှမဟုတ် နောက်ကျရင်  အိမ်ပြန်နိုင်လိမ့်မယ်"
      လီရှို့ချန်းသည် ထိုစကားများကိုပြောစဉ် လျို့ရှောင်းရှောင်းအား တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ပေ။ အဲ့တာက ဆယ်နှစ်တောင်မပြည့်သေးသည့် ထိုကလေးမလေးအား အင်မတန် ၀မ်းနည်းသွားစေလေသည်။
          လျို့ရှောင်းရှောင်းသည် သူမ၏ အစ်ကိုချန်း နှင့်ပတ်သက်၍ ဘယ်နေရာမှာ မှားသွားမှန်းမသိခဲ့ပေ။ လဲ့ထင်းလမ်းကို မသွားခင်တုန်းက အစ်ကိုချန်းသည် သူမအား အထူးဂရုစိုက်ခဲ့သူဖြစ်၏။ လွန်ခဲ့တဲ့ သုံးနှစ်လုံး အစ်ကိုချန်းသည် သူမအား အမြဲလိုလို ဂရုစိုက်ကာ ချစ်ခင်ကြင်နာခဲ့လေသည်။ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ သူက သူမအား ဘယ်တုန်းကမှ အာရုံမစိုက်ချင်သလိုမျိုး  ဆက်ဆံလာခဲ့၏။ သူမသည် သူမ၏မိဘများအား သက်တောင့်သက်သာနေနိုင်ရန်အတွက် လီရှို့ချန်းနောက်သို့ လိုက်လာခဲ့သည်။ ဒါပေမဲ့ ထိုသူသည် သူမ မှတ်မိခဲ့ဖူးသည့် သူနှင့် မတူတော့ချေ။
        ထိုအခိုက်အတန့်တွင် သူမနှလုံးသားထဲမှခါးသီး သောခံစားချက်များသည် ထွက်ပေါ်လာခဲ့သည်။ အဆုံးတွင်တော့ သူမသည် အသက် ရှစ်နှစ် ကိုးနှစ်အရွယ် မိန်းကလေးတစ်ယောက်သာဖြစ်လေသည်။လျို့ရှောင်းရှောင်းသည် မျက်တောင်ခတ်လိုက်ပြီးနောက် သူမ၏မျက်လုံးမှ  မျက်ရည်များစီးကျလာခဲ့၏။သို့သော် သူမမျက်လုံးများကို ပြန်ဖွင့်လိုက်စဉ်တွင် အဖြူရောင်အ၀တ်အစားများဖြင့် လှပသော သူ တစ်ယောက်အားတွေ့လိုက်ရပြီး သူမ၏မျက်လုံးများသည် အံ့ဩမှုကြောင့် ဝိုင်းစက်သွားကာ ကျယ်လောင်စွာဖြင့် -
           "မမ !  ကိုကြီးချန်း ကြည့်ကြည့်လိုက်! အဲ့တာ ညီမလေးတို့ကို ကယ်ခဲ့တဲ့ မမပဲ!"
         သူမ၏အသံသည် အရမ်းကြီး မတိုးသော်ငြား ထိုနေရာရှိတပည့်များအားလုံး သူမထက်သာလွန်ကာ  သန့်စင်‌သောအဆင့်ရှိသောကြောင့် သူတို့၏အကြားအာရုံသည်ကောင်းမွန်ကာ သူမ၏အသံအား ရှင်းရှင်းလင်းလင်းကို ကြားရလေ၏။
          " မ.. မမ? ဒီမိန်းကလေးက ဂိုဏ်းတူအစ်ကိုကြီးလော့ကို မမ လို့ခေါ်လိုက်တာလား?"
           "ဟားဟား ငါတို့ရဲ့ ဂိုဏ်းတူ အစ်ကိုကြီးလော့ က တစ်ကယ်ကို ဆွဲဆောင်မှုရှိပြီး ဘာကိုမှဂရုမစိုက်တဲ့သူမျိုး၊ ပြီးတော့ စီရင်စုသုံးဆယ့်ခြောက်ခုလုံးရဲ့မရေမတွက်နိုင်တဲ့  မိန်းကလေးတွေရဲ့ အိပ်မက်ထဲကယောက်ျားလေ"
        "ငါပထမဆုံး ထိုက်ဟွားတောင်ကို ရောက်တဲ့အချိန်တုန်းက စီနီယာအစ်ကိုကြီးလော့ကို အမျိုးသားအ၀တ်အစား ၀တ်ရတာကြိုက်တဲ့ စီနီယာအစ်မကြီးတစ်ယောက်လို့ ထင်လိုက်တာ၊သူက တစ်ကယ်ကို အရမ်းချောမောလွန်းတယ်"
         ထိုစကားများကိုကြားပြီးနောက် လော့ကျန်းချင်သည် ချက်ချင်းပင် အာရုံပြောင်းသွားပြီး ကွင်းပြင်တွင် မတ်တပ်ရပ်နေသော ကလေးမအား အံဩစွာကြည့်လိုက်ရာ သူမ၏ အစ်ကိုချန်း လက်မောင်းကို တင်းကျပ်စွာကိုင်ကာ သူမ၏ လက်အား ပျော်ရွှင်စွာဖြင့် ဆက်တိုက်ဝေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။
         သူသည် ပိန်ပါးကာ သူမထက် အရပ်တစ်မီတာ‌‌ လောက် ပိုမြင့်တာတောင် ဒီပဲပင်ပေါက်လေးနဲ့တူတဲ့ မိန်းကလေးက သူ့ကို 'မမ' လို့ခေါ်လိုက်တာလား!?
         အနက်ရောင်၀တ်ထားသည့် လူငယ်လေးတစ်ယောက်သည် တခစ်ခစ်ရယ်လိုက်ကာ လော့ကျန်းချင်းအနီးသို့ သွားလိုက်ပြီးတော့ "ဒီကောင်မလေးက ကောင်းမွန်တဲ့အမြင်ရှိတာပဲ" ဟု နား,နား ကပ်ကာပြောလိုက်လေသည်။
      သူခေါင်းငုံ့နေချိန်တွင် လော့ကျန်းချင်သည် သူ့အားတစ်ချက်ဝေ့ကြည့်လာလေသည်။ ထို အနက်ရောင်၀တ်နှင့်လူသည် သူ၏လက်နှစ်ဖက်ကို အပြစ်မဲ့တဲ့ပုံနှင့်‌  မြောက်လိုက်ပြီး မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။လော့ကျန်းချင်သည် သူမျက်လုံးများကို ကွင်းပြင်ပေါ်သို့ တစ်ဖန်ပြန်ရွှေ့လိုက်ကာ အားလုံးကိုသိမ်းကျုံး၍ တည်ငြိမ်စွာကြည့်လိုက်လေသည်။ထိုအခါ တိတ်တိတ်လေးတီးတိုးပြောနေကြသော သူ၏ ဂိုဏ်းတူ ညီ၊ ညီမ‌တွေအားလုံး ပါးစိတ်ပိတ်သွားကြ၏။
       ဒါပေမဲ့လည်း  လျှို့ဝှက်အသံပို့ကာတိတ်တဆိတ်ပြောကြားနေသူများလည်း ရှိနေသေး၏။ လော့ကျန်းချင်သည် သူ၏မျက်လုံးကို မှိတ်ထားတောင်မှ ထိုသူများ မည်သည့်အကြောင်းအရာအား ပြောနေကြမည်ကို ခန့်မှန်းနိုင်လေသည် ။ သူ၏ နှုတ်ခမ်းများတွင် အပြုံးသေးသေးလေးတစ်ခု ဖြစ်ပေါ်လာကာ ကွင်းအလယ်ရှိစင်မြင့်ပေါ်သို့ လျှောက်လှမ်းသွားလိုက်ပြီး သူ၏လက်ဖဝါးအားဖြန့်လိုက်စဥ် အဖြူရောင်သလင်းကျောက်တစ်ခုပေါ်လာလေသည်။
တောက်ပသည့်နေရောင်ခြည်အောက်‌တွင် ငွေရောင်အနားသတ်ထားသည့် အဖြူရောင် အ၀တ်အစားကို ၀တ်ဆင်ထားသည့် အရပ်ရှည်၍ ချောမောသော လူရွယ်တစ်ဦးသည် မတ်တပ်ရပ်၍ သူ့၏ဂျူနီယာလေးများအား နူးညံ့သောအကြည့်ဖြင့် ကြည့်နေ၏။သူ၏ ဘက်မလိုက်တတ်ပုံရသည့်မျက်နှာသည် အနှောင်အဖွဲ့ကင်းမဲ့သည့် ငှက်တစ်ကောင်နှင့်တူကာ အလွန်လှပလွန်းသဖြင့် တစ်ယောက်မျှ အကြည့်မလွှဲနိုင်ကြ‌ချေ။ သူ၏အားကောင်းပြီးတော့ လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါသည် လူတိုင်းအား သူတို့၏ အပြုအမူများကို နှစ်ခါပြန်စဉ်းစားမိစေပြီး သူ့အားချစ်ကြောက်ရိုသေစွာဖြင့် ငေးမောနေမိယုံမှတစ်ပါး တခြားရွေးချယ်စရာမရှိပေ။
   လော့ကျန်းချင်သည် သူ့လက်ထဲရှိသလင်းကျောက်ကို အနည်းငယ်‌ ဝေ့ယမ်းလိုက်ပြီး
  "ခုလို အရေးကြီးတဲ့အချိန်မှာ ဒီစာမေးပွဲအတွင်း  ထိုက်ဟွားတောင်ရဲ့ တောင်ထွဋ်ခြောက်ခုကနေ တပည့်တွေလက်ခံတာက အရေးအကြီးဆုံးအစီအစဉ်ပဲ၊ ဒီတော့ မင်းတို့အားလုံးက ဘယ်လိုရည်ရွယ်မျိုးနဲ့ဖြစ်စေ တိတ်တဆိတ် လျှို့ဝှက်ပြီး လုပ်တဲ့ အပြုမူအားလုံးကို ရှောင်ကြဉ်ရမယ်၊တစ်ကယ်လို့ အသံလွှင့်‌ ကျောက်တွေက လင်းလာမယ်ဆိုရင်တော့ မင်းတို့ကို ဓားနဲ့ရွယ်တဲ့အတွက် ငါ့ရဲ့ ရက်စက်မှုကို အပြစ်မတင်နဲ့။ ပြီးရင် မင်းတို့ရဲ့ အသိမ်မွေ့ဆုံး ဂိုဏ်းတူ အစ်မဝေ့ နဲ့တွေ့ဖို့ ငါပို့ပေးရလိမ့်မယ်"။
        တပည့်များအားလုံးသည် ချက်ချင်းပင် သူတို့၏ ပါးစပ်များအားပိတ်လိုက်ကြသည်။
             ".............."
        အဝေးရှိ စစ်ကောင်း ချောက်ကမ်းပါးတွင်တော့ ဝေ့ချုံးယင် သည် ရယ်စရာကောင်းလွန်း၍ အကူညီမဲ့စွာ နှုတ်ဆိတ်သွားတော့၏။
          လော့ကျန်းချန်၏ ဘေးတွင်ရပ်နေသည့် ၀တ်ရုံနက်ဖြင့်လူသည် " ဟီးဟီး  ဂိုဏ်းတူအစ်ကိုကြီး ၊ အစ်ကိုကြီးက အာဏာကို အလွဲသုံးစား လုပ်နေတာပဲ။၊အသံပို့ပြီး ဆက်သွယ်လို့‌တောင်မရဘူးပေါ့? ပြီးတော့ နူးညံ့တဲ့ ဂိုဏ်းတူ အစ်မဝေ့? တစ်ကယ်လို့  ဂိုဏ်းတူအစ်မဝေ့က နူးညံ့တယ်ဆိုရင် ဒီကောင်းကင်အောက်မှာရှိတဲ့ ဘယ်ယောက်ျားမှ ကျွန်တော့်ထက်ပိုပြီးတော့ အရူးအမူးစွဲလမ်းမှာ မဟုတ်ဘူး"
         လော့ကျန်းချင်သည် သူ၏ ဂိုဏ်းတူညီလေးကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်ပြီး "ညီ (၄)၊ မင်း အခုပြောနေတာကို ညီမ(၃)ဆီ  ပြောပြလိုက်လို့ရတယ်နော်"
        ရှဲ့ကျစ်ကျိုး၏ မျက်နှာသည် ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားပြီး " အကိုကြီးလော့၊ အစ်ကိုကြီးက အနိုင်ကျင့်နေတာပဲ !"
          လော့ကျန်းချင်သည် မည်သည်မျှမပြောဘဲ ပြုံးလိုက်လေသည်။
           အချိန်တိုလေးအတွင်းမှာပဲ လော့ကျန်းချင်၏ ကြေညာချက်ပြီးသည့်နောက် တောင်ထွဋ်အားလုံး၏စမ်းသပ်စာမေးပွဲများ တရားဝင် စတင်ခဲ့လေသည်။
          တပည့်သစ် နှစ်ဆယ့်လေးယောက်သည် လွန်ခဲ့သည့် ဆယ်ရက်အတွင်း သူတို့၏ ကျင့်ကြံခြင်း၌ တိုးတက်မှုများကို ဂိုဏ်းတူအစ်ကိုအစ်မ များအရှေ့ သရုပ်ပြခဲ့ကြသလိုမျိုး ပြိုင်ပွဲအချင်းချင်း တိုက်ခိုက်ရန် စဉ်မြင့်ပေါ်သို့တက်လာကြသည်။ အနိုင်ရရှိသူများသည် ပြိုင်ပွဲအတွင်း နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မှာဖြစ်ပြီး အကယ်၍ သူတို့၌ လုံလောက်သည့် အရည်ချင်းရှိပါက အကြီးအကဲတစ်ယောက် ယောက်၏ နောက်ဆုံးတပည့်အဖြစ် ရွေးချယ်ချင်းကိုတောင် ခံရနိုင်လေသည်။
     လက်ခံထားသော တပည့်များသည် ချမ်းသာသော အိမ်တော်များ၏ သခင်လေး၊သခင်မလေးများ ဖြစ်မည်ဆိုရင်တောင်မှ မည်သည့်ကျင့်ကြံရေးအခြေခံမှ မရှိရပေ။ အများဆုံးအနေနှင့် သူတို့သည် မိမိကိုယ်ကို ကာကွယ်နိုင်ရန် ခုခံရေးနည်းစနစ်များ သင်ကြားခွင့်ရသော်ငြား ဝိညာဉ်စွမ်းအားအနည်းငယ်တောင် ရှိနေခြင်းကိုတော့ ခွင့်မပြုပေ။ ထို့ကြောင့် ထိုစမ်းသပ်ပွဲသည် တပည့်တိုင်း၏ ခွန်အားနှင့် ဆယ်ရက်တာအတွင်း သူတို့၏ အားထုတ်မှုများကို မြင်ရမည်ဖြစ်ကာ တစ်မူထူးခြားကာ မျှတသော ပြိုင်ပွဲဖြစ်၏။
        သို့ဆိုစေကာမူ ထိုတပည့်များတွင် ကျင့်ကြံရေးအခြေခံမရှိခြင်းကြောင့်  သူတို့၏တိုက်ခိုက်မှုများသည်လည်း စိတ်၀င်စားစရာမကောင်းပေ။
         အမျိုးသမီးတပည့်အများစုသည် စင်မြင့်ပေါ်ရှိ ထင်ရှားကျော်ကြားသော အဖြူရောင်၀တ်စုံဖြင့်ဂိုဏ်းတူအစ်ကိုကြီးထံသို့ တိတ်တဆိတ်ခိုးကြည့်နေကြသည်။လော့ကျန်းချင်သည် သူ့လက်ထဲရှိ အသံလွှင့်ကျောက်အား ဆော့ကစားနေကာ သူ့ပုံစံမှာ လုံး၀ကို တည်ငြိမ်နေသည်။သူ၏ နှုတ်ခမ်းများ၌ အပြုံးတစ်ခုချိတ်ဆွဲထားပြီး ကွင်းပြင်ထဲရှိ အဖြစ်အပျက်များအား ကြည့်နေချိန်တွင် သူ့အမူအယာ သည် အလွန်တည်ငြိမ်အေးချမ်းနေသည်။
       အချိန်အကြာကြီးကြာပြီးနောက် သာမန်ဖွဲ့စည်းပုံသာရှိပြီး မမျှော်လင့်ထားသော ကံကောင်းမှုများရရှိခဲ့သည့် ကောင်လေးသည် နောက်ဆုံး၌ စင်ပေါ်သို့တိုက်ခိုက်ရန် တက်ရောက်ရမည့် အလှည့်ကျလာချေပြီ။ လော့ကျန်းချင်၏လက် သည် လှုပ်ရှားနေရာမှာ ရုတ်တရက် ရပ်တန့်သွားပြီး ရှဲ့ကျစ်ကျိုးသည် ထိုအရာအား အသေချာကို သတိထားမိခဲ့လေသည်။လော့ကျန်းချင်အား ကြည့်ရန်လှည့်လိုက်ပြီးနောက်  
      " ဒီလူတွေအကုန်လုံးထဲမှာ အဆိုးဆုံးခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ကောင်လေးကို အစ်ကိုကြီးက အရမ်းစိတ်၀င်စားတဲ့ပုံပဲ"
      လော့ကျန်းချင်သည် မျက်ခုံးပင့်လိုက်ကာ " သူနိုင်မယ်လို့ မင်းထင်လား"
       ရှဲ့ကျစ်ကျိုးသည် ကျယ်လောင်စွာရယ်လိုက်ကာ "တစ်ကယ်လို့ သူသာ နိုင်မယ်ဆိုရင် ကျွန်တော်တစ်နှစ်‌ လောက်တံခါးပိတ်ကျင့်ကြံ‌လိုက်မယ်!"
      လော့ကျန်းချင်သည် သူ၏လက်ကိုဝေ့ယမ်းလိုက်ပြီး "မင်း ဒီလောက်ထိ လုပ်ဖို့မလိုပါဘူး၊မင်းရဲ့ အစ်မဝေ့ နဲ့အတူတူ စစ်ကောင်း ချောက်ကမ်းပါးမှာ ကျင့်ကြံလျင်ပဲ တော်တော်ကြီးလုံလောက်နေပါပြီ"
       ရှဲ့ကျစ်ကျိုး၏ မျက်လုံးများသည် ပြူးကျယ်လာပြီး
       " အစ်ကိုကြီးလော့ ၊ အစ်ကိုက အနိုင်ကျင့်နေတာပဲ !"
      လော့ကျန်းချင်၏ နှုတ်ခမ်းသည် နူးညံ့သောအပြုံးတစ်ခုအဖြစ် အနည်းငယ်မြင့်တက်သွားခဲ့ပြီး ‌တော်တော်ကို သက်တောင့်သက်သာရှိပုံပေါ်လေသည်။ရှဲ့ကျစ်ကျိုးသည်  လော့ကျန်းချင်၏ အကြည့်များက လီရှို့ချန်းအပေါ်တွင် အမြဲရှိနေသည်ကိုတော့ မသိရှိခဲ့ချေ။သာမန်ဖွဲ့စည်းပုံနှင့်ကောင်လေးသည် မည်းမှောင်နေသောမျက်နှာဖြင့် လျှောက်လာသည်ကိုကြည့်၍ လီရှို့ချန်းသည်  ပြိုင်ဘက်ကောင်လေးအား ရှုပ်ထွေးစွာကြည့်လိုက်လေသည်။
        လော့ကျန်းချင်၏ အပြုံးသည် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူ၏ကြည်လင်သောမျက်လုံးများထဲတွင်တော့ အနက်ရောင်အလင်းတစ်ချက်လက်သွားလေသည်။
          "မင်းမှာ ဒီလိုမျိုး ဘာမှကိုမရှိဘူး၊လီရှို့ချန်း..မင်းအခုဘာလုပ်မှာလဲ?"

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now