Chapter 41.3

562 92 4
                                    

လီရှို့ချန်းသည် အလွန်အမင်းစိတ်ဓာတ် ကျနေသည်။ သူသည်ရေချိုးကန်ထဲတွင် နှစ်ရက်နေခဲ့ပြီး အစားအသောက်စားချိန်တောင်မှ ထိုနေရာတွင်စားခဲ့သော်လည်း အ‌ပေါ်ထပ်မှ အလှလေးတစ်ယောက်ပြုတ်ကျလာမည့် အရိပ်အယောင်တစ်ခုတလေမျှမတွေ့ရချေ။ နောက်ဆုံးရက်တွင် သူသည် ဘုရားသခင်အားဆဲရေးတိုင်းထွာလာခဲ့သည်။ သို့ပေမဲ့ ‌ဘေးချင်းကပ်အိမ်မှ လော့ကျန်းချင်မှာ လီရှို့ချန်း၏စိတ်ဓာတ်ကျဆင်းနေမှုအပေါ်  အလွန့်အလွန်ပျော်မြူးနေခဲ့သည်။

  တတိယမြောက်နေ့တွင် လီရှို့ချန်းသည် လေလံပွဲသို့တက်ရောက်ရမည်ဖြစ်သည်။   
   စာအုပ်ထဲတွင် လီရှို့ချန်းသည် ယွင်ပြည်နယ်တွင်ကျင်းပသည့် လေလံပွဲအား အပျော်အနေဖြင့်တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ယွင်ရှန်းအား အားအများကြီးစိုက်မထုတ်ရဘဲ ကယ်တင်ခဲ့သည်ဟုသာ ရေးသားထားသည်။ သို့သော် လော့ကျန်းချင်သည် လေလံပွဲအကြောင်းစာအုပ်ထဲတွင် အသေးစိတ်မဖော်ပြထားသည့်အတွက် လေလံပွဲမှာအလွန်ခမ်းနားလိမ့်မည်ဟု ထင်မှတ်မထားပေ။  
   အမှန်ပင် လီရှို့ချန်းသည် ‌လေလံပွဲတွင် တန်ဖိုးမရှိသည့်အရာများကြားမှ မြောက်မြားစွာသောရတနာအစစ်အမှန်များအားရရှိခဲ့ပြီး အသုံးမဝင်သည့် ပစ္စည်းများကိုသာချန်ထားခဲ့သည်ဟု စာအုပ်ထဲတွင်အသေးစိတ်ဖော်ပြထားသည်။ ဒီတစ်ကြိမ်တွင် လော့ကျန်းချင်သည် ဖိုကျစ်ထံမှ ဖိတ်ကြားချက်အားလက်ခံရရှိခဲ့ပြီး သူနှင့်အတူလေလံပွဲအားတက်ရန် ‌ကွေးယွမ်ဂိုဏ်းသားများအတွက်သတ်မှတ်နေရာသို့သွားရန် ဆုံးဖြတ်ထားလေသည်။  
   လီရှို့ချန်းတည်းခိုခန်းမှ ထွက်ခွာပြီးသည်နှင့်ချက်ချင်း လော့ကျန်းချင်မှာ အပ်ချုပ်ဆိုင်ထဲမှထွက်လာခဲ့သည်။  
   တဖြည်းဖြည်းမှေးမှိန်သွားသော လီရှို့ချန်း၏ပုံရိပ်အားကြည့်၍ လော့ကျန်းချင်သည် တည်းခိုခန်းဘက်သို့ ပြန်လှည့်လာသည်။ သူသည် သူ့မှတ်ဉာဏ်အား ရုတ်ခြည်းပြန်ခေါ်လိုက်ပြီး " အရင်ဘဝတုန်းက လီရှို့ချန်းက သူချစ်ရတဲ့မိန်းကလေးကိုဆုံးရှုံးလိုက်ရတယ်လို့ ကြားဖူးတယ် ဒါကြောင့် သူကြိုးစားပြီးကျင့်ကြံခဲ့တာလား? သူမကိုအသက်ပြန်ရှင်လာအောင်လုပ်ဖို့များလား "  
  သေချာတွေးတောပြီးသော်ငြား လော့ကျန်းချင်သည် အသေးစိတ်အကြောင်းအရာများအား ပြန်လည်စဉ်းစားနိုင်ခြင်းမရှိသေးချေ။  
   ယင်းမှာသိပ်မကြာလိုက်။  လီရှို့ချန်း လေလံပွဲသို့မရောက်သေးခင် လော့ကျန်းချင်မှာ စော၍ရောက်သွားလေသည်။ လော့ကျန်းချင်သည် ငွေရောင်မျက်နှာဖုံးအားတပ်ဆင်ထားပြီး ဝင်ပေါက်ရှိ အခြေတည်ဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ထံသို့ သူ့ဖိတ်ကြားလွှာအားပြလိုက်ရာ သူ့အားချက်ချင်းဝင်ခွင့်ပေးလာသည်။  
   ကွေးယွမ်ဂိုဏ်း၏သတ်မှတ်နေရာအားရောက်သောအခါ  ဖိုကျစ်မှာထိုနေရာသို့ရောက်နှင့်ကာ ထိုင်နေသည်အားတွေ့လိုက်ရသည်။   ဖိုကျစ်မှာ သူ့ငွေရောင်မျက်နှာဖုံးကြောင့် ဝေခွဲမရဖြစ်သွားသည်။  
   လော့ကျန်းချင်သည် ရှင်းပြလိုက်သည်။ " ဒါက တစ်ခါတလေကျ ပြဿနာမဖြစ်အောင် ကူညီပေးတယ်လေ"  ဖိုကျစ်သည် ပြုံးလိုက်ပြီးနောက် ခေါင်းညိတ်လာသည်။ " ဟုတ်တယ် မင်းရဲ့ခန့်ညားတဲ့မျက်နှာက ပြဿနာတွေမဖြစ်စေဖို့ မျက်နှာဖုံးတစ်ခုတော့ တကယ်ကိုလိုတယ် "  ‌
   လော့ကျန်းချင်သည်ထိုင်ချလိုက်ပြီးနောက် ပြောလာ၏။ " မင်းက လူတွေရဲ့အသွင်အပြင်နဲ့ပတ်သက်ပြီးတော့ ဂရုမစိုက်တတ်ဘူးလို့ထင်ထားတာ "  
   ဖိုကျစ်သည် ခေါင်းခါလိုက်ပြီး " ပုံပန်းသွင်ပြင်ဆိုတာက လူတွေရဲ့စိတ်နဲ့ တော်တော်လေးဆက်စပ်နေတာ။ မင်းကလောကမှာ ထင်ရှားကျော်ကြားတဲ့သူပဲ ဒါပေမဲ့ မင်းရဲ့အသွင်ပြင်နဲ့ပတ်သက်ပြီးပြောဆိုတာကို ဘယ်တုန်းကမှရှောင်ရှားတတ်တာမဟုတ်ဘူး ဒီလိုဆိုမှတော့ ငါကဘာလို့ ရှောင်ကြဉ်ပေးရမှာလဲ ? ဒါ့အပြင် မင်းကအပြင်ပန်းအသွင်ပြင်ကိုကျော်ပြီးတော့ကြည့်နိုင်ပြီး မင်းရဲ့စိတ်ကိုပဲ အာရုံစူးစိုက်ထားနိုင်တယ် ဒါက မင်းဗုဒ္ဓနဲ့အတူ ကံကံ၏အကျိုးကို ကျင့်ကြံနိုင်စွမ်းရှိတဲ့အကြောင်းအရင်းပဲ "  
   လော့ကျန်းချင်သည် သူ့အပြုံးအားထိန်းမချုပ်ထားနိုင်တော့ပေ။ သူသည် ထက်မြက်သောအမျိုးသားတစ်ယောက်နှင့် မိတ်‌ဆွေဖြစ်နေသည်အား သဘောပေါက်သွားလေသည်။  
   သူတို့သည် သတ်မှတ်ထားသည့်နေရာတွင် ထိုင်နေပြီး သိပ်မကြာလိုက် လော့ကျန်းချင်သည် ပထမထပ်ရှိ ခန်းမရှိရာသို့ လီရှို့ချန်းတစ်ယောက်ရောက်လာပြီး အများဆိုင်ထိုင်ခုံနေရာတွင် ထိုင်ချလိုက်သည်ကို မြင်လိုက်ရသည်။ သူသည် လီရှို့ချန်းအား သာမန်ကာလျှံကာမျှကြည့်လိုက်ပြီး‌နောက် ဖိုကျစ်နှင့်အတူ ဗုဒ္ဓကျမ်းဂန်များနှင့် ဩဝါဒဆိုင်ရာများအား ဆက်လက်၍ ပြောဆိုနေခဲ့သည်။  
   ဖိုကျစ်မှာလည်း လော့ကျန်းချင်နှင့် ထိုအရာများဆွေးနွေးရန် အတော်လေးဆန္ဒရှိနေသူဖြစ်သည်။ သူတို့သည် လေလံပွဲစချိန်ထိ စိတ်အားထက်သန်စွာပြောဆိုနေခဲ့ကြသည်။  
   တစ်ချိန်တည်းမှာပဲ သူတို့နှင့် ကီလိုမီတာငါးသောင်းလောက်ကွာဝေးသည့် ထိုက်ဟွားတောင်တွင်....  ရွှမ်လင်းကျီသည် တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ရက်ပေါင်းများစွာအနားယူနေခဲ့သည်။ လက်ရှိတွင် သူ၏ဒဏ်ရာရနေသည့် မူလဝိညာဉ်မှာ နောက်ဆုံးတော့ပြန်လည်ကောင်းမွန်သွားပြီဖြစ်သည်။ တစ်ရှိန်ထိုးထွက်ပေါ်လာသည့်စိတ်ဝိညာဉ်စွမ်းအားများမှာ ယွီရှောင်းတောင်ထွဋ်ထိပ်တွင် ဝဲတစ်ခုဖြစ်ပေါ်လာသည်။ ရွှမ်လင်းကျီသည် သူ့မျက်လုံးများအားဖွင့်လိုက်ပြီး လက်တစ်ချက်ဝေ့ယမ်းလိုက်ကာ ဝဲအားပျောက်ကွယ်သွားစေပြီးနောက် ထရပ်လာ၏။  
    ထူးခြားသည့်အဆင်တန်ဆာများမပါသည့် အရိုးရှင်းဆုံးအဖြူရောင်ဝတ်စုံအားဝတ်ဆင်ထားသည့် ရွှမ်လင်းကျီမှာ ချောမောကာဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။ သူသည် စာအုပ်စင်ရှိရာသို့လှမ်းလာခဲ့ပြီး ဖတ်ရှုရန်ရွေးချယ်နေ၏။ ရှည်သွယ်သောသူ့လက်ချောင်းများမှာ စာအုပ်များတစ်လျှောက်ရွေ့လျားသွားပြီးနောက် ရုတ်တရက်ရပ်လိုက်သည်။  
  သူတစ်ခါမျှမတွေ့ဖူးသည့် စာအုပ်အားအမြန်ဆွဲထုတ်လိုက်ချိန်တွင် သူ၏ကောင်းမွန်သည့်မျက်ခုံးတန်းများမှာ အနည်းငယ်ကျုံ့သွားရသည်။
      "နွေဦးလေပြေစုတ်ချက်မှတ်တမ်း ? "  
  ရွှမ်လင်းကျီသည် စိတ်ဝင်စားမှုမရှိသည့်မျက်နှာဖြင့် ငုံ့ကြည့်လိုက်ပြီး စာအုပ်အားဖွင့်လိုက်သည်။ ထို့နောက်တွင်.....     " ! " 
   ရွှမ်လင်းကျီသည် ကိုယ်တိုင် အမြဲတစေစည်းကမ်းတင်းကျပ်သူဖြစ်သည်။ သူသည် ထိုက်ဟွားတောင်၏တောင်ထွဋ်(၇)ခု၏ ကျင့်ကြံရေးလမ်းစဉ်များအားလုံးနှင့် လေ့ကျင့်ရေးနည်းလမ်းအများစုအား သိထား၏။ သို့ပေမဲ့ ထိုမတိုင်ခင်က သူသည် စည်းမျဉ်းစည်းကမ်းများအား တင်းကျပ်စွာလိုက်နာခဲ့သူဖြစ်ပြီး စုံတွဲကျင့်ကြံခြင်းအားသိပင်မသိခဲ့ပေ။ ထို့အပြင် သူ့စိတ်ထဲတွင် စုံတွဲကျင့်ကြံခြင်းဆိုသည်မှာ တပည့်များအတွက် ကျင့်ကြံသည့်နည်းလမ်းတစ်ခုဖြစ်ကာ ထူးခြားသည့်အရာတစ်ခုဟုတ်မနေပေ။ ထို့ကြောင့်ပင် လော့ကျန်းချင်အား " စုံတွဲကျင့်ကြံခြင်းဆိုတာ ဘာလဲသိလားဟု" မေးမြန်းခဲ့ခြင်းဖြစ်ပြီးနောက် သူကိုယ်တိုင် တိုက်ရိုက်လက်တွေ့ပြခဲ့ခြင်းဖြစ်သည်။  
    မှန်၏။ ထိုကြိုးစားမှုသည် ရွှမ်လင်းကျီအား စိတ်လှုပ်ရှားသွားစေသည်။  
    သူ့မူလဝိညာဉ် သုံးပုံတစ်ပုံသာ လော့ကျန်းချင်၏ကိုယ်အတွင်းဝင်၍ သူနှင့်ပေါင်းစပ်နေသော်ငြား တာအိုလမ်းစဉ်အပေါ်ရွှမ်လင်းကျီ၏ ယုံကြည်မှုမှာယိမ်းယိုင်သွားခဲ့ပြီးဖြစ်ကာ သူသည် ထိုသိမ်မွေ့သောခံစားချက်အား တစ်ညလုံးမေ့မရနိုင်ခဲ့ချေ။ တကယ်လို့သူ့မူလဝိညာဉ်သာ လော့ကျန်းချင်၏ကိုယ်ထဲလုံးဝဝင်ရောက်သွားပြီး ပေါင်းစပ်သွားမယ်ဆိုရင်ရော? ရွှမ်လင်းကျီသည် ထိုခံစားချက်အား စိတ်ကူးယဉ်လိုက်သည်။  
    သို့ပေမဲ့လည်း ထိုအရာများအားလုံးမှာ ထို 'နွေဦးလေပြေစုတ်ချက်' စာအုပ်ထက်တော့ ထိတ်လန့်စရာကောင်းမနေပေ။  
    လော့ကျန်းချင်သည် ရွှမ်လင်းကျီမှာ ဘာကိုတွေ့ကြုံနေရသည်ကိုသိခြင်းမရှိ။ သူသည် သူ့ရှစ်စွင်း၏စာအုပ်စင်ပေါ်တွင် ညစ်ညမ်းစာအုပ်ထားခဲ့သည်အား လုံးဝကိုမေ့နေလေပြီ။ ထိုအခိုက် လေလံပွဲမှာ စတင်လာခဲ့သည်။ လော့ကျန်းချင်သည် သတ်မှတ်နေရာတွင် ထိုင်နေပြီး သီးသန့်နေရာမဟုတ်သည့် သာမန်ထိုင်ခုံများမှ ဈေးပြိုင်ပေးကာအလုပ်များနေကြသည့် ပါဝင်တက်ရောက်လာသူများအား တည်ငြိမ်စွာကြည့်နေသည်။  
   စစချင်းတွင် လေလံပစ္စည်းများမှာ တစ်ကိုယ်တော်(ခြေသလုံးအိမ်တိုင်)ကျင့်ကြံသူများအား ဆွဲဆောင်နိုင်မည့် သာမန်ပစ္စည်းများသာဖြစ်ပြီး လော့ကျန်းချင်နှင့် ဖိုကျစ်အား စိတ်ကျေနပ်စေနိုင်ရန်အတွက်မှု အလှမ်းဝေးနေသေး၏။   လော့ကျန်းချင်သည် ပစ္စည်းတစ်ဒါဇင်ကျော်ရောင်းထွက်သွားသည်ကို ဒီတိုင်းကြည့်နေခဲ့ပြီး ‌ဈေးပြိုင်ပေးခြင်းမပြုခဲ့ပေ။   စင်ပေါ်တွင် ငယ်ရွယ်သည့်လေလံခေါ်သူမှာ ခုလေးတင်သူ့ရှေ့ရောက်လာသည့် သေတ္တာအားနေရခက်စွာကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။ " နောက်ထပ်ရတနာကတော့ အမှောင်ဆုံးနယ်မြေရဲ့  အစွန်အဖျားကနေရှာတွေ့လာတဲ့ သိုလှောင်လက်စွပ်ပဲဖြစ်ပါတယ် ကျွန်တော်တို့လျို့ယွင်ကုန်သည်ကြီးများအဖွဲ့ရဲ့ အကြီးအကဲက ဒါကိုစစ်ဆေးပြီးသွားပါပြီ.. ဒီလက်စွပ်က စွမ်းအားကြီးတဲ့မှော်ဝင်လက်နက်အစုံလိုက်ထဲက တစ်ခုပါ.. လက်နက်တွေအားလုံးစုစည်းလို့ပြီးသွားရင် သူ့ရဲ့စွမ်းအားက ဆပွားတိုးလာမှာပါ! ဒီဟာက ကုဗမီတာတစ်ထောင်ရှိ အရာဝတ္ထုတွေကိုစုစည်းနိုင်တယ် .. ကြမ်းခင်းဈေးနှုန်းက ၃၀၀၀၀ ကစပါမယ် ! "  (၁၀၀၀ကုဗမီတာက လီတာနဲ့ဆိုရင် လီတာပေါင်းတစ်သန်းဆံ့ပါတယ် )  
    " ၃၀၀၀၀ ! "
    "၃၂၀၀၀ ! " 
      "၃၃၀၀၀ ! " 
   သိုလှောင်လက်စွပ်နှင့်ပတ်သက်သည့် သမိုင်းကြောင်းမှာ မှန်ကန်သည်ဆိုတောင်မှပဲ လက်နက်အားလုံးအားစုစည်းရန်မှာ အလွန့်အလွန်ခက်ခဲ့လေသည်။  
    လက်နက်နှစ်ခုဆိုပါက အကျိုးသက်ရောက်မှုမှာလည်းနှစ်ဆဖြစ်မည်ဖြစ်ကာ ထိုသည်မှာ လူတိုင်းသိကြသည်ဖြစ်၏။ သို့သော် စွမ်းအားကြီးသည့်လက်နက်တစ်စုံလုံးအား စုစည်းရန်မှာမလွယ်ကူလှချေ။ ယင်းမှာ ထိုလက်စွပ်အား စိတ်ဝင်စားသည့် လေလံပွဲအားတက်ရောက်သည့်လူအ‌ရေအတွက်နည်းပါးရခြင်းအကြောင်းဖြစ်သည်။  
   လေလံ‌‌ဈေးမှာ ငါးသောင်းသို့ရောက်သွားသောအခါ လေလံပွဲမှာ တိတ်ဆိတ်သွား၏။   
    လေလံခေါ်သူမှာ လေထုအားတစ်ဖန်ပြန်လည်တက်ကြွလာစေရန်ကြိုးပမ်းလာ၏။ " စွမ်းအားမြင့်လက်နက်အားလုံးကို စုစည်းနိုင်သရွေ့ ဒီဟာက အနည်းဆုံး ကမ္ဘာမြေအဆင့်လက်နက်တွေပဲ ! " 
   "၅၂၀၀၀" နောက်ထပ်‌ပြိုင်ဈေးတစ်ခုထွက်ပေါ်လာသည်။ လေလံခေါ်သူမှာ ယင်းမှာ နောက်ဆုံးဈေးဖြစ်မည်ဟု တွေးထင်ခဲ့သည်။ ထို့ကြောင့် သူသည် ရေတွက်ရန်ပြင်လေသည်။
    " ၆၀၀၀၀! "မမျှော်လင့်ထားသော လေလံ‌ဈေးမှာ လူတိုင်းအားထိတ်လန့်သွားစေသည်။  
   လူတိုင်းသည် ကောင်လေးအား ထူးဆန်းသောအကြည့်များဖြင့်ကြည့်လာကြပြီး တိုးတိုးရေရွတ်လာကြသည်။ " ကုဗမီတာတစ်ထောင်ရှိတဲ့ သိုလှောင်လက်စွပ်က ၆၀၀၀၀ မတန်ဘူး အပြင်ဆိုင်တွေမှာဆို အလွန်ဆုံးရှိလှ ၄၀၀၀၀ နဲ့ ဝယ်လို့ရတယ် ... မိုက်မဲတဲ့လူငယ်လေးပဲ "  
   လေလံခေါ်သူ၏ မျက်လုံးများမှာတောက်ပလာပြီး မေးလိုက်သည်။ "နောက်ထပ် ဈေးပိုပေးချင်တဲ့သူရှိလား "  
    မည်သူမှ အသံမထွက်လာကြ။   ခန်းမထဲတွင် လီရှို့ချန်းသည် နံပါတ်စဉ်ရေရန်အတွက် ယုံကြည်ချက်ရှိစွာဖြင့် စောင့်ဆိုင်းနေသည်။ သို့ပေမဲ့လည်း လေလံခေါ်သူမှ " ၆၀၀၀၀ တစ်ကြိမ် " ဟုပထမဆုံးပြောပြီးသည်နှင့် ဒုတိယထပ်သီးသန့်နေရာမှ အသံထွက်လာသည်။ အသံမှာတိုးသော်လည်း သိသိသာသာ ပြုံးရွှင်နေသည့်အနေအထားနှင့် ကြည်လင်၏။   " ၇၀၀၀၀ ! "


The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now