Chapter 10

1.2K 195 0
                                    

   အပျက်အစီးနယ်မြေအတွင်းသို့ မ၀င်ရောက်မီတွင် မြင်မြင်သမျှအရာအားလုံး ထိုကဲ့သို့အန္တရာယ်များသည့်အ‌ခြေ‌အနေဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။

  သူရရှိခဲ့သော'အမတလမ်းစဉ်အား ရှာဖွေခြင်း'စာအုပ်ထဲတွင် ခရီးစဉ်တစ်လျှောက်လုံးအား လီရှို့ချန်း၏ရှုထောင့်မှရေးသားထားခြင်းဖြစ်သည်။လူတိုင်းသိကြသည့်အတိုင်း လီရှို့ချန်းသည် ခုနစ်ဆယ့်တစ်ယောက်ထဲ၌ အခြေခံတည်ဆောက်ပုံမရှိသည့်တစ်ဦးတည်းသောကျင့်ကြံသူဖြစ်သည်။သူသည် ချီစုစည်းခြင်းအဆင့်သို့ရောက်ရန် ဖြစ်နိုင်သည့်နည်းလမ်းမှန်သမျှအား အသုံးပြုခဲ့သဖြင့် အကြွင်းအကျန်နယ်မြေရှိစမ်းသပ်မှုများမှာ သူ့အတွက်အင်မတန်လွယ်ကူလေသည်။

  ဥပမာအနေဖြင့် အဆုံးမဲ့အပျက်အစီးနယ်မြေအတွင်း လီရှို့ချန်းရင်ဆိုင်ခဲ့ရသော မိစ္ဆာသားရဲများမှာ အဆင့်တစ်နှင့် အဆင့်နှစ်ထက်မပိုပေ။လက်တွေ့တွင်တော့သူသည် အဆင့်နှစ်မိစ္ဆာသားရဲတစ်ကောင်နှင့်သာတိုက်ခိုက်ခဲ့ရသည်။လက်ရှိအချိန်တွင် လော့ကျန်းချင်သည် အပျက်အစီးနယ်မြေအတွင်းသို့ ခြေချလိုက်သည်နှင့်ချက်ချင်း ဒေါသထွက်နေသောအဆင့်လေးမိစ္ဆာသားရဲကိုးကောင်၏ ဝန်းရံခြင်းကိုခံလိုက်ရသည်။

  အဆင့်လေးသားရဲတစ်ကောင်သည် ချီဖြစ်တည်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှင့်ညီမျှလေသည်။

  မိစ္ဆာသားရဲကိုးကောင်သည် ရုတ်တရက်တစ်ဟုန်ထိုးပြေး၀င်လာကြပြီး လော့ကျန်းချင်အား အငိုက်ဖမ်းတိုက်ခိုက်ကြလာသည်။သူသည် ထိုအကောင်များအားသတ်ရန် အားအတော်စိုက်ထုတ်လိုက်ရ၏။သို့သော်လည်း သူ့ဓားအားပြန်မသိမ်းရသေးသည့်အပြင် အသက်တစ်ရှိုက်တောင်မရှုရသေးချိန်တွင် ဒေါသူပုန်ထနေသော အဆင့်လေးဧရာမမြွေကြီးဆယ့်ရှစ်ကောင်သည်သူ့အား အရပ်မျက်နှာမျိုးစုံမှ၀န်းရံထားကြပြန်သည်။

လော့ကျန်းချင် : "......"

  အပျက်အစီးနယ်မြေအတွင်း ရှေ့သို့ဆက်သွားလေ ကြောက်စရာအ‌ကောင်းဆုံးသားရဲများ ပေါ်လာလေပင်။

  လှိုင်းလုံးတစ်လုံးပြီးလျှင်နောက်တစ်လုံးရောက်လာသလိုမျိုး  အဆင့်လေးမိစ္ဆာသားရဲရှစ်ဆယ့်တစ်ကောင်သည် လော့ကျန်းချင်အား တစ်ပြိုင်တည်းတိုက်ခိုက်လာကြသည်။သူ့လက်ထဲရှိ ရွှမ်းဖူသည် ကြည်လင်သော အော်မြည်သံတစ်ခုထွက်ပေါ်လာပြီး သူ့နဖူးအလယ်ရှိ အစိမ်းရောင်အလင်းတန်းမှာ ပိုတောက်ပလာခဲ့သည်။လူတစ်ယောက်နှင့်ဓားတစ်လက်သည် အတူတကွလှုပ်ရှားနေကြပြီး တံလျှပ်လိုအရိပ်များဖြစ်ပေါ်စေကာ သားရဲအုပ်ကြီးအတွင်းသို့ ရိပ်ခနဲမြန်ဆန်စွာတိုး၀င်သွားကြသည်။ဓားတစ်ချက်လျှင် သွေးတစ်စက်စက်ကျနေ‌သောခေါင်းတစ်လုံးနှုန်းဖြင့်ယူဆောင်သွား၏။ဓားချက်များသည် ရက်စက်ပြင်းထန်စွာ ဖြတ်‌တောက်နေကြသည်။ထိုသည်မှာ ၀မ်ရှို့တောင်တန်း၌ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ခြင်း၏အကျိုးရလဒ်ပင်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now