Chapter 42.1

808 104 4
                                    

  ခန်းမထဲရှိလူအားလုံးမှာ ဒုတိယထပ်အားကြည့်လိုက်သည်။ အားလုံးမှာ လေလံဈေး ၇၀၀၀၀ကြောင့် အံ့အားသင့်သွားကြသည်။

သီးသန့်ခန်းမှာ လုံးဝတသီးတသန့်ဆန်သည်။ သီးသန့်နေရာ၏နံရံမှာ စိတ်ဝိညာဉ်စွမ်းအားအား ပိတ်ဆို့ပေးနိုင်သည်။ ထို့ကြောင့် ကပ်ဘေးဒုက္ခကျော်လွန်ခြင်းအဆင့်အကြီးအကဲများမှလွဲ သီးသန့်အခန်းတွင်းရှိနေသူအား သူနိုင်မည်မဟုတ်ချေ။
" ချမ်းသာပြီးစွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေပဲ သီးသန့်ခန်းထဲဝင်ဖို့ အခွင့်အရေးရှိတာလေ.. ဘာကြောင့် ကုဗမီတာ ၁၀၀၀ လောက်ပဲရှိတဲ့ သိုလှောင်လက်စွပ်ကိုဝယ်ရတာလဲ "
" ဟုတ်တယ် သူ့မှာ အစီအစဉ်ကြီးကြီးမားမားရှိလို့ပဲ .. လက်နက်တစ်စုံလုံးကို စုဆောင်းချင်တာပဲဖြစ်မယ် ! "
" ဒါက တကယ်ကိုမလွယ်ဘူး တကယ်လို့သူချမ်းသာတယ်ဆိုရင်လည်း သူ့အတွက်သူလက်နက်တစ်စုံလုပ်လိုက်လို့ရတာပဲ "
ခန်းမထဲရှိလူများမှာ တက်ကြွနေကြသည်။ သို့သော် သူတို့ထဲရှိတော်တော်များများမှာ နောက်ထပ်ဖြစ်လာမည်အားကြည့်ရှုရန် စောင့်ဆိုင်းနေကြယုံသာဖြစ်သည်။ သူတို့အတွက် ၇၀၀၀၀ဆိုသည်မှုာ မိုးပေါ်ရောက်နေသည့်ပမာဏဖြစ်နေလေပြီ။ ထို့ထက်ပို ဈေးမြင့်ပေးရန်အခွင့်အရေးမရှိတော့..။ သို့သော်လည်း လေလံခေါ်သူမှာ " ၇၀၀၀၀ နှစ်ကြိမ်.. နောက်ဆုံးအခွင့်အရေးပဲ " ဟု‌အော်လာသည်နှင့် လီရှို့ချန်းသည် အံကြိတ်ကာ လေလံဘုတ်ပြားလေးကိုမြောက်ကာ " ၇၁၀၀၀ ! "
အားလုံးမှာ ခေါင်းရှုပ်သွားကြသည်။ သူတို့သည် လီရှို့ချန်းအား ဝေခွဲရခက်စွာဖြင့် ကြည့်လာကြသည်။
ထို့နောက် သီးသန့်နေရာမှ အသံထွက်လာပြန်သည်။ " ၈၀၀၀၀ "
လီရှို့ချန်းသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး " ၈၁၀၀၀ ! "
" ၉၀၀၀၀ " သီးသန့်ခန်းမှထွက်ပေါ်လာသောအသံမှာ တည်ငြိမ်ကာ ဣန္ဒြေရနေဆဲပင်။
ထိုဈေးအားကြားသောအခါ လူတိုင်းမှာ အံ့အားသင့်သွားကြပြီး လေလံခေါ်သူ၏လက်များမှာ တုန်ယင်နေသည်။ သူသည် အလောတကြီးဖြင့်အော်လာသည်။ " ၉၀၀၀၀ ! ၉၀၀၀၀ ! နောက်ထပ်ဈေးပိုပေးချင်တဲ့ သူရှိသေးလား ! "
ထိုအရည်သွေးနှင့် သို့လှောင်လက်စွပ်မှာ ဈေးကွက်ထဲတွင် ၃၅၀၀၀ဝန်းကျင်လောက်သာရှိပြီး အလွန်ဆုံးရှိလှ ၄၀၀၀၀ပင်။ "လက်နက်တစ်စုံလုံး"ဟူသည့်ဇာတ်လမ်းသာမရှိလျှင် ထိုလေလံပွဲတွင်ပြသရန် အခွင့်အရေးပင်ရလိမ့်မည်မဟုတ်။ ဘာပဲဖြစ်ဖြစ် မည်သူမှ ထိုလက်စွပ်၏‌ဈေးမှာ သုံးဆအထိတက်သွားမည်ဟုမမျှော်လင့်ထားပေ။
၃၀၀၀၀မှစသည့်ဈေးမှာ လက်ရှိတွင်၉၀၀၀၀အထိ ရောက်သွားသည်။ ထိုလူနှစ်ယောက်မှာ ငွေကိုရေလို သုံးဖြုန်းနေကြခြင်းသာဖြစ်သည်။
လီရှို့ချန်းသည် လေလံဆွဲသည့်အပြားလေးအား တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ဘာမျှမပြောနိုင်တော့ချေ။ လေလံခေါ်သူမှာ သူ့အားစိတ်ပျက်သည့်ပုံဖြင့်ကြည့်လာပြီးနောက် စတင်၍ရေတွက်လာသည်။ "နှစ်ကြိမ်" ဟုရေတွက်လိုက်သောအခါ လီရှို့ချန်းသည် "၉၁၀၀၀ " ဟုအော်ရန် ခက်ခက်ခဲခဲရုန်းကန်နေရသည်။
ထိုပမာဏအားဈေးပြိုင်ခေါ်ရန် သူ့အတွက်ပင်ပန်းနေပုံရသည်။ သို့သော် သူပြောပြီးသည့်နောက် သီးသန့်ခန်းထဲရှိအမျိုးသားမှာ ပြုံးလိုက်ကာ တည်ငြိမ်စွာဆိုလာသည်။ " ၁၀၀၀၀၀"
ထိုစာလုံးသုံးလုံးမှာ လီရှို့ချန်းအား လုံးဝအနိုင်ယူသွားလေသည်။
တစ်သိန်းထက်ပိုမြင့်သည့်ဈေးမရှိနိုင်‌တော့ပေ။ ဒါ့အပြင် လီရှို့ချန်းသည် အခြားပစ္စည်းများဝယ်ရန် ငွေလိုအပ်နေဆဲဖြစ်သည်။ ထို့ကြောင့် အနည်းငယ်ရုန်းကန်ပြီးနောက် သူသည် လက်လျှော့လိုက်တော့၏။ နောက်ဆုံးတွင် သီးသန့်ခန်းထဲရှိ ထိုအမျိုးသားမှာ လက်စွပ်အား ရရှိသွားတော့သည်။
လေလံဆွဲသူမှာ ထိုသို့သေးငယ်သောအရာမျိုးကို လေလံအလှည့်ပြီးသည်နှင့် ချက်ချင်းရနိုင်သည်။
လျို့ယွင်ကုန်သည်အသင်း၏ အမှုအထမ်းမှာ လက်စွပ်အားသီးသန့်ခန်းသို့လာပို့သော်အခါ လော့ကျန်းချင်သည် သူ့၏သိုလှောင်လက်စွပ်ထဲမှ ငွေသားတစ်သိန်းအား ယူထုတ်လိုက်ပြီးနောက် အမှုအထမ်းအားပေးလိုက်သည်။ သိုလှောင်လက်စွပ်အားရပြီးသည်နှင့် လော့ကျန်းချင်သည် ယင်းအား ခဏတာမျှအရသာခံကြည့်ပြီးနောက်တွင် ဝတ်တောင်ဝတ်မကြည့်ဘဲ သူ့သိုလှောင်လက်စွပ်အတွင်းပြစ်ထည့်လိုက်သည်။ ဖိုကျစ်သည် ထိုသည်ကိုမြင်သောအခါ လက်အုပ်ချီကာ ပြုံး၍ " အာမီတာဘ ကျင့်ကြံသူလော့ ..ငါတော့အရမ်းသိချင်မိတယ် မင်းကဒီလက်စွပ်ကိုရဖို့ ယုံကြည်ချက်ရှိပြီးတော့ ငွေတွေအများကြီးအကုန်ခံလိုက်တယ်မလား ဒါပေမဲ့ ခုတော့ မဝတ်ဘဲနဲ့ မင်းရဲ့သိုလှောင်လက်စွပ်ထဲ ထည့်ထားလိုက်တယ် ဘာလို့လဲ "
ထိုစကားများအားကြားသောအခါ လော့ကျန်းချင်သည် သူ့အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်ပြီး ပြောလာသည်။ " မှန်တယ် ငါဒီလက်စွပ်ကိုလိုချင်လို့ ဝယ်လိုက်တာ.. ဒါပေမဲ့ ငါ့ရဲ့သိုလှောင်လက်စွပ်က ကုဗမီတာ ၅၀၀၀ဆံ့ပြီးတော့ ငါရွှေအမြုတေအဆင့်ရောက်တော့ ငါ့ရှစ်စွင်း အကြီးအကဲရွှမ်လင်းကျီက ငါအမြုတေဖွဲ့စည်းနေတုန်း ပေးထားတာ ဒီတော့ ဒါကို အစားထိုးဖို့ ရည်ရွယ်ချက်လုံးဝမရှိဘူး " ဖိုကျစ်သည် လော့ကျန်းချင်အား ကြည်လင်သည့်မျက်လုံးများဖြင့် ကြည့်လာသည်။ သူသည် ပြုံးယုံသာပြုံးလိုက်ပြီး ထိုအကြောင်းအားဆက်မပြောလာတော့။
သိပ်မကြာခင်တွင် တစ်သိန်းတန်သိုလှောင်လက်စွပ်အပေါ် လူအများ၏စိတ်အားထက်သန်မှုမှာ ပျောက်ကွယ်သွားသည်။ လေလံပွဲသည် နောက်တစ်ဖန်စတင်လာ၏။
လော့ကျန်းချင်သည် နောက်ထပ် နှစ်ထောင်ချီသက်တမ်းရှိရှေးဟောင်း ရေခဲအမြုအတေ တစ်ခုသာဝယ်ယူခဲ့သည်။ နောက်ဆုံးတစ်ကြိမ်က လော့ကျန်းချင်သည် ဆဌမညီလေးအား ကျုံးချီကျောက်တုံးအားပေးခဲ့ချိန်က သူအလွန်ပျော်ရွှင်သွားခဲ့သည်။ သူသည် လော့ကျန်းချင်အား လက်နက်တစ်ခုပြုလုပ်နေသည်ဖြစ်ပြီး ရေခဲအမြုတေအပြင် ပစ္စည်းအတော်များများလိုအပ်နေသည်အား ပြောပြခဲ့သည်။
လော့ကျန်းချင်သည် ရေခဲအမြုအတေအတွက် များစွာအကုန်ကျခံခဲ့သည်။ ထို့ကြောင့် ကျန်သူများမှာ သီးသန့်ခန်းအတွင်းထိုင်နေသည့်သူအား ပို၍သိချင်စိတ်ဖြစ်လာကြ၏။ ဖိုကျစ်သည်ပြုံးလိုက်သည်။ " ပိုက်ဆံနဲ့ပတ်သက်ရင် မင်း အဲ့လောက်ရက်ရောမယ်လို့ ထင်မထားဘူး"
လော့ကျန်းချင်သည် နည်းနည်းရှက်ရွံ့သွား၏။ " ဒါက ငါ့ဆဌမညီငယ်လေးအတွက် လက်ဆောင်ပါ.. သူကလက်နက်သန့်စင်သူလေ ချီစုစည်းခြင်းကိုစွဲလမ်းနေတာ .. ပိုစွမ်းအားကြီးတဲ့လက်နက်တွေလုပ်ဖို့ဆို သူ့ကျင့်ကြံဆင့်က အဟန့်အတားဖြစ်နေတာ "
ဖိုကျစ်သည် လေးစားစွာခေါင်းညိတ်လိုက်ပြီး " ရှို့ဟန် ..ထိုက်ဟွားတောင်ရဲ့ဆက်ခံသူခုနစ်ယောက်ထဲက ခြောက်ယောက်မြောက်ပဲ ..ငါသူ့ကိုသိတယ် " လော့ကျန်းချင်သည် ပြုံးကာခေါင်းညိတ်လိုက်ပြီး ဖိုကျစ်သည်ဆက်၍ " မင်းလိုမျိုး ထက်မြက်တဲ့ဂိုဏ်းတူအစ်ကိုတစ်ယောက်ရှိတာ သူ့အတွက်ကောင်းချီးတစ်ခုပဲ " ယင်းအားကြားသောအခါ လော့ကျန်းချင်သည် အနည်းငယ်ဝေခွဲမရဖြစ်သွားသည်။ သူသည်သတိလက်လွတ်ဖြင့်ရေရွတ်လိုက်မိသည်။ "ဟုတ်လား.. ငါတော့မထင်ပါဘူး.."
ထိုလွတ်ခနဲထွက်လာသောစကားများမှာ အခြားသူများအား ရှုပ်ထွေးသွားစေနိုင်သော်လည်း ဖိုကျစ်အတွက်မူ သာမန်ဝါကျတစ်ကြောင်းသာဖြစ်သည်။ ဖိုကျစ်သည် သူ့လက်ထဲရှိအဖြူရောင်စိပ်ပုတီးအားစိပ်နေပြီး သူ့မျက်နှာပေါ်တွင် ကရုဏာတရားအပြည့်လွှမ်းခြုံနေသည့်အပြုံးဖြင့် " ဂိုဏ်းတူညီအကိုတွေ ဖြစ်လာဖို့ သုံးဘဝလူဝင်စားဖို့လိုတယ် .. အကောင်းဆုံးသူငယ်ချင်းတွေဖြစ်လာဖို့ဆို ငါးခါလူဝင်စားဖို့လိုတယ်.. ဒါတွေအားလုံးက ကံ ကံရဲ့အကျိုးတွေပဲ မင်းကသူ့ကိုအရမ်းဂရုစိုက်ပေးတယ် ဒီတော့ မင်းကသူ့အတွက်ကောင်းချီးတစ်ခုပဲပေါ့ "
လော့ကျန်းချင်သည် ရုတ်ခြည်းဉာဏ်အလင်းပွင့်သွားပြီး စိတ်သက်သာရာရသွားခဲ့သည်။ သူသည် ဖိုကျစ်အား အရိုအသေပေးခဲ့ပြီးသူ့လေးစားမှုအားဖော်ပြခဲ့လေသည်။ " လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
ဖိုကျစ်သည် အသာအယာပြုံးလိုက်သည်။ သူတို့သည် သီးသန့်အခန်းတွင်း ခဏလောက်စကားပြောနေခဲ့ကြသည်။ ထို့နောက် စင်မြင့်ပေါ်တွင် ဗုဒ္ဓပုလဲပေါ်ထွက်လာခဲ့ပြီး ယင်းမှာ သေချာပေါက်ဖိုကျစ်လိုချင်နေသည့်အရာဖြစ်သည်။ ပုလဲမှာလုံးဝိုင်းပြီး သလင်းကျောက်လိုကြည်လင်နေသည်။ သီးသန်းခန်းအား ညို့ယူနိုင်စွမ်းမှ အကာအကွယ်ပြုလုပ်ထားသော်လည်း လော့ကျန်းချင်သည် ပုလဲထံမှထွက်ပေါ်လာသော ကြီးကျယ်ကာနက်နဲသိမ်မွေ့သည့် ဗုဒ္ဓရောင်ခြည်အား ရှင်းလင်းစွာခံစားမိသည်။ ယခုတစ်ကြိမ်တွင် ဈေးမှာ တစ်သိန်းကနေစပြီး တစ်ကြိမ်စီတိုင်း အနည်းဆုံး တစ်သောင်းစီတိုးသွားမည်ဖြစ်သည်။
လေလံခေါ်သူစကားဆုံးသည်နှင့် ဖိုကျစ်သည် အသံတိုးတိုးဖြင့် ဈေးပေးလိုက်သည်။ " နှစ်သိန်း " ခန်းမတစ်ခုလုံးမှာ အုတ်အော်သောင်းနင်းဖြစ်သွား၏။ အတွေ့အကြုံရှိသည့် လေလံခေါ်သူပင်လျှင် တုန်လှုပ်သွားရသည်။ လော့ကျန်းချင်သည် လက်ဖက်ရည်သောက်ရန်လုပ်နေ၏။ သူသည် လက်ဖက်ရည်အား မသောက်ရသေးပေ။ သို့မဟုတ်ပါက သောက်သမျှ ပြန်‌ထွေးထုတ်သွားမိနိုင်သည်။
သူသည် ဖိုကျစ်အား အံ့အားသင့်စွာကြည့်လိုက်ပြီး တိုးညင်းစွာမေးလိုက်သည်။ " ဖိုကျစ် မင်းဘာလုပ်နေတာလဲ .. " ဖိုကျစ်သည် အမြဲတစေတည်ငြိမ်ကာ ကျက်သရေရှိနေတတ်သူဖြစ်သော်လည်း ယခုတွင်တော့ ရှက်ရွံ့စွာပြုံး၍ " လောကီအရေးနဲ့ပတ်သက်တဲ့အရာတွေကို ကိုယ်တွယ်ရာမှာ မကျွမ်းကျင်ဘူး "
လော့ကျန်းချင် : " ......... " ဒါက မင်း သာမန်ကာလျှံကာနဲ့ လေလံဈေးပေးလိုက်ဖို့အတွက် ဆင်ခြေဟုတ်မနေဘူးလေ !!!
ပရိတ်သတ်များမှာ ဖိုကျစ်၏လေလံပြိုင်ဈေးကြောင့် ထိတ်လန့်သွားရခြင်းဖြစ်ရပေမည်။ လောလောဆယ်တွင် မည်သူမှ ဈေးပိုပေးလာခြင်းမရှိကြသေးပေ။ တကယ်တမ်းကျ ပုလဲမှာ ဗုဒ္ဓကျင့်ကြံမှုအတွက် မရှိမဖြစ်လိုအပ်ပြီး ကျန်ကျင့်ကြံသူများအတွက်မူ စိတ်တည်ငြိမ်စေရန်နှင့် နတ်ဆိုးဝိညာဉ်များအားနှင်ထုတ်ရန်အတွက် အဆင်တန်ဆာသာဖြစ်သည်။
ထိုပုလဲအတွက် လျို့ယွင်ကုန်သည်ကြီးများအသင်း၏မျှော်မှန်းထားသည့်ဈေးမှာ နှစ်သိန်းခွဲဖြစ်သည်။ သို့သော် ဖိုကျစ်၏ပြိုင်ဈေးကြောင့် လက်ရှိတွင်လူတိုင်းမှာ စိတ်ပျက်အံ့အားသင့်နေကြသည်။ ထို့ကြောင့် လေလံခေါ်သူမှာ ဆက်လက်၍ကြေညာလာသည်။ " ပြောကြတာကတော့ ဒီပုလဲကထိုင်နေရင်း ပျံလွန်တော်မူသွားပြီး ဗုဒ္ဓဖြစ်သွားတဲ့ ဘုန်းတော်ကြီးတစ်ပါးရဲ့ပိုင်ဆိုင်မှုဖြစ်တယ်.. အဲ့ဒီဘုန်းကြီးရဲ့နာမည်ကို လူတိုင်းသိကြလိမ့်မယ်လို့ထင်တယ် .. သူက ဗုဒ္ဓချန်း ဂိုဏ်းကအကြီးအကဲလေးပါးထဲက တစ်ပါးဖြစ်တဲ့ အကြီးအကဲ တောက်ရှင်းပါပဲ "
ယင်းအားကြားသော်အခါ လူတစ်ယောက်မှာ မနေနိုင်တော့ဘဲ လေလံပြိုင်ဆွဲလာသည်။ " နှစ်သိန်းတစ်သောင်း "
   " သုံး... " ဖိုကျစ်သည် ချက်ချင်း သုံးသိန်းပေးရန်လုပ်၏။
   သို့သော် လော့ကျန်းချင်သည် သူ့အား ကြားဖြတ်လိုက်ကာ " နှစ်သိန်းခွဲ ! "
********************
ဖိုကျစ်ကယွင်ရှန်းနဲ့ပြောတုန်းက ဒကာမလေးလို့သုံးပြီး လော့ကျန်းချင်နဲ့ကျ မင်းနဲ့ငါလို့ သုံးတာကို သတိထားမိကြလားတော့မသိဘူး။ သူတို့မှာတော့ you & I ပေါ့နော် ။ ဒီမှာတော့ သက်ဆိုင်ရာအသုံးတွေရှိပေမဲ့ လော့ကျန်းချင်နဲ့ ပြောတဲ့အခါမှာတော့ မင်း နဲ့ ငါ ပဲသုံးလိုက်ပါတယ် ။ ဒါလေးကိုပိုကြိုက်လို့ပါ hehee 😁 နည်းနည်းလေးနားလည်ပြီးဖတ်ပေးကြပါ။





The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now