Chapter 61

3.6K 369 22
                                    

ကံအားလျော်စွာပဲ ကျောင်းဝင်းထဲမှာ ကျောင်းသားတွေ မရှိတော့ဘူး ။ အဲ့ဒါကြောင့် ရဲ့ရိဟန်ရဲ့ ကြွက်ဖြူလေး ရေနစ်ထားသလို ရွှဲရွှဲစိုနေပုံကို ဘယ်သူမှ မတွေ့မြင်သွားဘူး ။ မဟုတ်ရင် အများရဲ့အာရုံစိုက်စရာ ဖြစ်သွားလိမ့်မယ် ။ မကြီးမငယ်နဲ့ ရေဆင်းကူးပါတယ်ဆိုပြီး ။

ဖြစ်နိုင်ရင် အဲ့ဒီ ရှီရန်ယွီကို လူကွယ်ရာတစ်ချောင်ချောင်ထဲ ဆွဲခေါ်ပြီး အချက်ပေါင်းများစွာ ရိုက်ပစ်လိုက်ချင်တယ် ။ သက်ကြီးရွယ်အိုတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်သူလို့ နာမည်မတွင်ချင်လို့သာ စိတ်လျော့ထားရတာ ။

" ဂရုစိုက်ဦး .. နောက်တစ်ခါ ထပ်မလဲစေနဲ့ "
လုမင်းထန် အပြီးသတ်စကားဆိုပြီး ဘဘာဝကျကျပဲ ယွမ်ရှောင့်အနား လျှောက်သွားကာ ရှီအန်ချန်းကမ်းပေးလာတဲ့ လက်ကိုင်ပုဝါနဲ့ ယွမ်ရှောင့်မျက်နှာက ရေတွေကို သုတ်ပေးလိုက်တယ် ။

" ဟုတ်ကဲ့ ဆရာလု "

ရိဟန် မျက်နှာမော့ကာ နဖူးပေါ်ကဆံပင်တွေကို သပ်တင်တယ် ။

" ကျွန်တော့်ကိုကယ်တဲ့အတွက် ဆရာ့မိတ်ဆွေကိုလည်း ကျေးဇူးတင်ပါတယ် "

ယွမ်ရှောင်က နေရာမှာပဲ တိတ်ဆိတ်စွာ ရပ်နေပြီး ခေါင်းထက်မှရေစက်တွေက ဆံပင်ကြား ထိုမှတဆင့် လည်တိုင်တလျောက်ဖြတ်ကာ ရှပ်အင်္ကျီအနက်ရောင်ထဲထိ စီးဝင်သွားတယ် ။ သူက လက်နှစ်ဖက်လုံး ခါး‌ပေါ်ထောက်လျက် မထူးခြားတဲ့ပုံနဲ့ ။

လုမင်းထန်က ပြုံးနေဆဲပဲ ။
" ငါတို့က မိတ်ဆွေတွေ မဟုတ်ဘူး .. ငါက သူ့ချစ်သူလေ "

လုမင်းထန်ပါးစပ်က 'ချစ်သူ'လို့ထွက်လာတော့ ရိဟန်ရင်ထဲ ဆစ်ခနဲ ။ သူ့ကိုယ်သူတောင် သတိမထားမိဘဲ မျက်မှောင်တစ်ချက်ကြုပ်ပြီး ချက်ချင်းပြန်ပြေသွားတယ် ။ ဦးနှောက်က သူ့အလိုအလျောက်တုံ့ပြန်တာမျိုး ။

" ဒါဆို ဖြစ်သွားတဲ့ကိစ္စအတွက် တောင်းပန်ပါတယ် "
ရိဟန် နှလုံးသားက ဒရမ်တစ်ခုလို ခုန်လှုပ်ကာ သူတို့ကိုနှုတ်ဆက်စကားဆိုပြီး လျင်မြန်စွာ လှည့်ထွက်လာခဲ့တယ် ။

သူတော့ ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာတင် ဆရာဖြစ်သူကိုမှ ရန်စမိခဲ့တဲ့ ပထမဆုံးကျောင်းသားဖြစ်ရပါပြီ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now