အခန်း-၁

7.9K 370 22
                                    

မန္တလေးမြို့ကြီးက သူ ထင်ထားတာထက် အဆပေါင်းများစွာ မိုက်သည်။ တိုက်တာအဆောက်ဦးတွေက ကြီးမားသလို လမ်းတွေကလည်း အကျယ်ကြီး။ ကြည့်လိုက်သမျှ နေရာတိုင်းမှာ ဆိုင်ကယ်နှင့် ကားတွေက ပျားပန်းခတ်လျက် ရှုပ်ထွေးနေသော်လည်း မောင်းသူများကတော့ ဝှီးခနဲ ဝှီးခနဲပင်။

တက္ကသိုလ်တစ်ခု​ရှေ့၌ သူစီးလာသည့် မီနီအိုးဝေ ထိုးဆိုက်သွားသဖြင့် အတွေးများက ပြတ်တောက်သွားသည်။ အထုပ်များကို ဆွဲချကာ ပုဆိုးတိုတိုနှင့် ရှပ်အင်္ကျီအနွမ်းကို သပ်လိုက်ပြီးအိုးဝေပေါ်မှ ဆင်းသည်။

"ဘဘ ဘယ်လောက်လဲဗျ"

"ခုနှစ်ထောင်"

"ဗျာ"

အပြူးပြူးအပြာပြာနှင့် ဆမ်ဝေလအောင်၏ အောက်မေးရိုးက ဖြုန်းခနဲ ပြုတ်ကျသွားသည်။ အိုးဝေခ ခုနှစ်ထောင်ဆိုတာ သူ နားကြားမှားတာများလား။ တွေတွေကြီး ငြိမ်သက်သွားသော သူ့ကို အိုးဝေဆရာက စွေစောင်းကြည့်သည်။

"ခုနှစ်ထောင်လို့"

"ဈေး.. ဈေးကြီးလိုက်တာ ဘဘရယ်"

ဓာတ်ဆီမဟုတ်ဘဲ ရွှေဆီနဲ့ပဲ မောင်းသလားဟု ခေါင်းကုတ်တွေးနေစဉ် ဘဘကြီးက အော်ထုတ်လာသည်။

"မင်း ကားကြီးကွင်းနဲ့ ရှားလော့တက္ကသိုလ်က ဒီလောက်ဝေးတာကို အိုးဝေပေါ် လိုက်ပြီး မန္တလေးမြို့ကို ငေးနေတုန်းက သတိမထားမိဘူးလား၊ စီးရတာကြာလို့ မင်းအိပ်ငိုက်မလိုတောင် ဖြစ်သွားသေးတယ်လေ၊ ကျောင်းသားမို့ အများကြီး လျှော့ပေးထားတယ်မှတ်.. ပုံမှန်ဆို ဒါက တစ်သောင်းဝန်းကျင်လောက် တောင်းတာကွ"

"တစ်သောင်းတော့ မတောင်းပါနဲ့ ဘဘရယ်။ ကျွန်တော် ပေးပါ့မယ်"

ကိုယ်မရောက်ဖူးသည့် အရပ်က ကိုယ်မကျွမ်းကျင်သည့် နယ်ပယ်မို့ ရှိစေတော့။ နောင် ဘယ်တော့မှ အိုးဝေ မစီးရန် တိခနဲ ဆုံးဖြတ်ချက် ချပြီး ပိုက်ဆံ ခုနှစ်ထောင်ကို ကမ်းပေးလိုက်ရသည်။

သူ လှမ်းဝင်သွားသည့် တက္ကသိုလ်ကျောင်းကြီးက အိပ်မက်ကမ္ဘာတစ်ခုလို။ စစ်ကိုင်းတိုင်းဒေသကြီးက ရွာငယ်ဇနပုဒ်မှာ ကြီးပြင်းလာသူ တောသားအတွက်တော့ မြင်မြင်သမျှဟာ ငေးစရာ၊ ငမ်းစရာတွေချည်း။ ကျောင်း၏ လူသွားလမ်းများက အလွန်ကျယ်ပြန့်ပြီး ဘေးတစ်ဘက်တစ်ချက်စီမှာ ပန်းပင်တွေ စီတန်းစိုက်ထားသည်။ ကျောင်းဝန်းထဲမှာလည်း လူတွေ များလိုက်တာများ သူတို့ တစ်ရွာစာလောက်ပင်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now