အခန်း-၄၂

1.6K 132 52
                                    

နှစ်နေရာတည်းသွားခဲ့သော်လည်း တစ်ထောက်နားစဉ်က စားသောက်ဆိုင်များ၌ပါ ကြာသွားသဖြင့် ညနေစောင်းမှ ဟော်တယ်ပြန်ရောက်ကြသည်။

ကိုယ့်အခန်းကိုယ်စီမှာ အထုပ်ချ နားလိုက်ပြီးနောက် ညဈေးသို့ တစ်ဖန်ပြန်ထွက်ဖြစ်ကြသည်။ ဘယ်နှခါပတ်ပတ် စားစရာ မကုန်နိုင်အောင် ပေါများလွန်းသော ဘားအံညဈေးတွင် ပထမညက မစားခဲ့ရသည့် ဆိုင်များကို ရှာဖွေသောအခါ တွန်းလှည်းဖြင့်ရောင်းသော တောထမင်း၊ တောဟင်းဆိုင် တွေ့၍ နှစ်ယောက်လုံး စိတ်ဝင်စားသွားသည်။ ဆိုင်၏ သန့်ရှင်းသပ်ရပ်ပုံကို ဦးဇီဇာတစ်ယောက် သဘောကျသွားပြီးမှ ကိုယ်စီဟင်းမှာပြီး ပလပ်စတစ်ခုံလေးတွေမှာ ထိုင်လိုက်ကြသည်။ စည်သူ့အတွက် ငါးသလောက်ပေါင်းမှာကာ ဘီလီယံကတော့ အဆီတွေဝင်းနေသည့် ဝက်သုံးထပ်သားမှာ၏။ ဟင်းတွေရောက်လာသောအခါ စည်သူက ငါးပိရည်များများနှင့် ထမင်းကိုနယ်ကာ ငါးသလောက်ထည့်၍ စတိသဘောမျှ စားသော်လည်း ဘီလီယံကတော့ နှစ်ပန်းကန်လောက်စားသည်။ ထမင်းဆိုင်က အထွက်မှာ သားရည်စာတွေလည်း စားနိုင်သေး၏။ ဒီအရွယ်လေးတွေ အစားကောင်းတာသိသော်လည်း စည်သူ သူ့အရွယ်တုန်းကတော့ သူ့တစ်ဝက်လောက်တောင် မစားနိုင်ပေ။

ခုချိန်ထိ အခန်းပြန်ပြောင်းလာမည်ဟု စကားမစသေးသော ဘီလီယံက ညဈေးလျှောက်အပြီးမှာ စည်သူ့အား အခန်းလိုက်ပို့မည်ဟု ဆို၏။ တကယ်လည်း စည်သူ့အခန်းရှိရာ သူလိုက်ပို့သည်။

"သည်းငယ် ရေချိုးပြီး နားလိုက်တော့နော်.. အရမ်းပင်ပန်းနေပြီလား"

စည်သူ့ မေးစေ့ကို လက်မနှင့် လက်ညှိုးသုံးကာ ချစ်စနိုးညှစ်ပြီး နှုတ်ဆက်လိုက်သော ဘီလီယံ့ကို နားမလည်နိုင်သော်လည်း အခန်းထဲ ခေါ်လျှင် စည်သူ့ဘက်ကပဲ စည်းမစောင့်ရာ ကျဦးမည်မို့ ခေါင်းညိမ့်ပြလိုက်သည်။ သူ ဆန္ဒမရှိတာကို ကိုယ်က စပြီး မခေါ်ချင်ပေ။

ဘီလီယံ့ကို ပြန်နှုတ်ဆက်ပြီးနောက် အခန်းတံခါးပိတ်ကာ စည်သူ ငြိမ်နေမိသည်။ ဒီကုတင်ကြီးမှာ တစ်ယောက်တည်း အိပ်ရဦးမှာပါလား။ မရှက်တမ်း ဝန်ခံရလျှင် ဘီလီယံနှင့်အတူ ကိုယ်လက်နှီးနှောဖို့တစ်ခုတည်းကို ဦးတည်တာမဟုတ်ဘဲ ချစ်သူတစ်ယောက်အနေနှင့် အနားမှာ ရှိစေချင်ရုံပင်။ နေရာစိမ်းမှာ စည်သူတစ်ယောက်တည်းအိပ်ရတာ အဆင်မပြေလှပေ။ သို့သော် သွားခေါ်လိုက်လျှင်လည်း ဘီလီယံ့ဘက်က တစ်မျိုးထင်သွားနိုင်သည်။ မနေ့ညက ပြဿနာလည်း ပြေလည်သွားပြီကို ဘီလီယံက ဘာဖြစ်လို့ စိမ်းနေရတာလဲ။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now