အခန်း-၁၈

1.7K 182 19
                                    

"ဟဲ့.. ဟဲ့ စည်သူ အို နင်နှပ်တွေ ထွက်ကုန်ပြီ.. ရော့ သုတ်လိုက်ဦး"

ယုယက မျက်စိပျက်မျက်နှာပျက် အော်ရင်း တစ်ရှူးဘူးထဲက တစ်ရှူးနှစ်ရွက်ကို ဆွဲထုတ်ပေးသည်။ ညကြီးမိုးချုပ်မို့ အာပူဆိုင်မှာ သူတို့ နှစ်ယောက်တည်း ရှိနေတာ တော်သေး၏။ တစ်နေကုန် မှိုင်တွေကျနေသည့် စည်သူဟာ ညခုနှစ်နာရီရောက်မှ အာပူသောက်ချင်သည် ဆိုပြီး ယုယကို ချိန်းလိုက်ခြင်း ဖြစ်သည်။ ဆိုင်ရောက်တော့လည်း အာပူစားရင်း ငိုနေလေ၏။

"နင့်ကိုလေ ငါ သေအောင် လုပ်ပစ်ချင်တယ်.. နေနိုင်တာလည်း မဟုတ်ဘဲ သွားသွားပြောပြီး နင်ပဲ ကြိတ်ခံစားနေရတာ.. ခုမှတော့ ငိုမနေနဲ့.. ရှက်ဖို့ကောင်းတယ် တကတဲ"

"ဘယ်သူက ငိုနေလို့လဲ.. အာပူလျှာပူက စပ်တဲ့ဟာကို"

အစားအသောက်က စပ်သောကြောင့် နှာရည်နှင့် မျက်ရည်ထွက်ခြင်းမှာ သမိုင်းစည်သူတို့ ရာဇဝင်တွင် မရှိ။

"ဘာမငိုတာလဲ.. ခုကို ငိုသံပါကြီးနဲ့... နှာရည်တွေကလည်း ထွက်လို့.. နင် အခု တော်တော်အဖြစ်ဆိုးနေတာ သိလား"

တစ်ရှူးတစ်ရွက်နှင့် သူ့ နှာခေါင်းကို ဖိသုတ်ပစ်တော့ နှာထိပ်လေးက ပိုနီရဲသွားသည်။

"ဘယ်နှယ့် ကြားလို့မှ မကောင်းဘူး.. ဘာမဟုတ်တဲ့ ၁၈ နှစ်သားကြောင့် အသည်းကွဲပြီး ငိုရတယ်လို့"

ခွန်းတုံ့မပြန်နိုင်သော စည်သူက ပုခုံးများ ယိမ်းခါလျက် တသိမ့်သိမ့် ငိုနေဆဲ။

ဘာကြောင့် ဒီလောက်ထိ ဝမ်းနည်းတတ်သွားလဲ ဆိုတာ သူ့ကိုယ်သူ မသိပါ။ တစ်ချိန်တုန်းကတော့ ခုလို မျက်ရည်များ ထွက်၍ ငိုယိုမည့် အဖြစ်မှာ သမိုင်းစည်သူထွန်းနှင့် လုံးဝ မသင့်လျော်သော အခြေအနေ တစ်ရပ် ဖြစ်ခဲ့ပါသည်။ ယခုမူ ထိုအသိနှင့် သတိကို နှလုံးသားက အလဲထိုးသွားကာ ရင်ဘတ်တွင်းမှ စိမ့်ပြန်တက်လာသော နာကျင်မှုကို ဘယ်လို နည်းလမ်းမျိုးနှင့်မှ ချိုးနှိမ်၍ မရသောအခါ မျက်လုံးသွေကြောများ ပြတ်ထွက်လုမတတ် ငိုယိုခြင်းနှင့်သာ တုံ့ပြန်နိုင်ခဲ့သည်။

ယောက်ျားတစ်ယောက် အပေါ် ပြိုလဲစိမ့်ဝင်နေသည့် မိမိကိုယ်မိမိလည်း ထုထောင်းပစ်ချင်လောက်အောင် နာကြည်းမုန်းတီးနေမိသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now