အခန်း-၁၉

1.8K 144 25
                                    

အောင်ထူးမြင့်ကိစ္စ ဖြစ်ပြီးနောက်ပိုင်း အားလပ်ရက်တွင် အပြင်လျှောက်လည်ကြရာ၌ ဘီလီယံနှင့် စည်သူ၏ ဆက်ဆံရေးမှာ ဝရံတာတွင် အငြင်းစကားဆိုခဲ့ခြင်းပင် မဖြစ်ခဲ့သည့်ပမာ ပြန်လည်အဆင်ပြေ ချောမွေ့သွားပါသည်။

ထိိုအခြေအနေသို့ ရောက်ရှိသွားခြင်းမှာ စည်သူ့ဘက်က စတင်ခြင်း လုံးဝ မဟုတ်သလို ဘီလီယံက ချော့မော့သည်လည်း မဟုတ်ခဲ့ပါချေ။

ထိုနေ့က ရှော့ပင်းမောမသွားခင် အားလုံးကို စနောက်ရန်အတွက် ပရန့်တစ်ခုကို ဘီလီယံ ပြင်ဆင်နေခဲ့သည်။

မရည်ရွယ်ထားသော်လည်း သူ့ ပရန့်ကို မိသွားသူမှာ စည်သူ ဖြစ်နေ၏။

ဝတ်စားပြင်ဆင်ပြီး၍ အားလုံး ခြံထဲ ရောက်ရှိနေချိန်တွင် ပြည်ခမ်းစိုင်၏ ကားနောက်မှ စူးရှကျယ်လောင်သော ဘီလီယံ့ အော်သံ ထွက်လာသည်။ ထိခိုက်မိတာကို သိသည်နှင့် အရင်ဆုံး ပြေးသွားမိသော စည်သူသည် ကားနောက်ဖုံးအောက်မှ ညှပ်ပိနေသော ဘီလီယံ့လက်ရှိ နီရဲစေးပျစ်နေသော သွေးစများကို မြင်ပြီး ခြောက်ခြားထိတ်လန့်သွားပါ၏။

စည်သူ့ကို မြင်လိုက်သော ဘီလီယံက အမ်းခနဲ အင်းခနဲ ဖြစ်သွားပြီး အော်တာ ရပ်သွား၏။ စည်သူ့ မျက်နှာက သရဲတဘက်နှင့် ပက်ပင်းရင်ဆိုင်လိုက်ရသော ကလေးတစ်ယောက်လို ခြောက်ခြားတုန်လှုပ်သွားပြီး ညှပ်နေသည့် ဘီလီယံ့လက်ကို အတင်းဆွဲကိုင်လာသည်။

"ရ.. ရရဲ့လား သွေးတွေလည်း ထွက်နေတယ် ဒုက္ခပါပဲ"

အရှေ့က လူတွေကို လှမ်းအော်လိုက်၊ ဆွဲမထုတ်ရဲသလို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်၊ ဘီလီယံ့ကို မော့မေးလိုက်နှင့် စည်သူ တစ်ယောက်တည်း ဝုန်းဒိုင်းကြဲ ပြာယာခတ်လောင်မြိုက်နေသည်။

ဘေးကို တခြားလူတွေ ဝိုင်းလာပြီး ကားအဖုံးကို တင်လိုက်ရာမှ စည်သူ ဆုပ်ကိုင်ထားသည့် လက်မှာ ဖတ်ခနဲ အောက်ပြုတ်ကျသွား၏။

အားလုံး ဟင်ခနဲ။ ဘီလီယံ့ ဟူဒီလက်ရှည်ထဲမှ လက်ဖမိုးဖြူဖြူလေး ထွက်လာပြီး သွေးများ ရဲနေသည့် လက်အတုကြီးက စည်သူ့ လက်ချောင်းများမှ လွတ်ထွက်၍ မြေပြင်မှာ ငြိမ်သက်နေ၏။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now