အခန်း-၃၉

1.5K 147 24
                                    

နေ့လယ်ပိုင်း အတန်းဆင်းမည့် အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေသည့် အားလျော်စွာ ထွက်လို့ရပြီဆိုသည်နှင့် လွယ်အိတ်ကို လွယ်ကာ တက်ကြွသော ခြေလှမ်းများနှင့် အခန်းပြင်သို့ ထွက်လာခဲ့သည်။ အပြင် ကော်ရစ်တာ၏ထောင့်တွင် သတ္တိကျော်စွာက ရပ်စောင့်နေသဖြင့် စည်သူ ဝမ်းသာသွားရ၏။

ထို့ကြောင့် ခြေလှမ်းကို အိန္ဒြေရရနင်းရင်း ကောင်လေးရှေ့မှ ဖြတ်လျှောက်သွားသော်လည်း သတ္တိကျော်စွာက မလှုပ်မယှက်နှင့် သူ့ကိုသာ ငေးကြည့်နေသည်။ တစ်ချက်မှ မလှုပ်သဖြင့် ငြင်းချင်နေသော စည်သူ့မှာ စိတ်ထဲ မယိုးမယွပင် ဖြစ်လာ၏။

ဘီလီယံက အဝေးမှ ကြည့်နေမည်ဟု ပြောထား၍ ဘေးဘီဝဲယာ ဝေ့ကြည့်သော်လည်း သူနှင့်တူတာ တစ်ယောက်တလေမှ မတွေ့ရ။ ကိစ္စတော့မရှိ။ ဘီလီယံက ဒီလို ဉာဏ်များသည့်ကောင်လေးပဲမဟုတ်လား။

ခုလို သတ္တိကျော်စွာ၏ တိတ်ဆိတ်နေမှုနှင့်တော့ သူ့အကြံအစည်က အောင်မြင်မည်မဟုတ်ပေ။ မအောင်မြင်ရင်လည်း ဘီလီယံက မကျေမနပ် ဖြစ်ဦးမည်။

ထို့ကြောင့် စည်သူ မတတ်နိုင်စွာပင် သတ္တိကျော်စွာရှေ့ သွားရပ်လိုက်ရ၏။ အရပ်သိပ်မကွာသည့် သတ္တိကျော်စွာက သူ့ကို အသာလေး မော့ကြည့်သည်။

"ပြောစရာရှိလို့လား"

စည်သူ ခပ်ပြတ်ပြတ် မေးလိုက်တော့ မလုံမလဲနှင့် အံ့အားသင့်သွားပုံရှိသည်။ ဦးခေါင်းကို ချက်ချင်း ငုံ့ချလိုက်ပြီး..

"မရှိဘူးခင်ဗျ"

"မရှိရင် ဘာလို့ ငါထွက်လာတိုင်း လိုက်လိုက်ကြည့်နေတာလဲ"

စည်သူ မေးတာကို ဘာမှမဖြေဘဲ အကြာကြီး ငြိမ်နေပြီးမှ ဖျတ်ခနဲ မော့ကြည့်လာသည်။ ဒီတစ်ခေါက် သူ့အကြည့်တွင်တော့ ဘယ်တော့မှ အသုံးဝင်လာမည်မဟုတ်သော ရဲစွမ်းသတ္တိတို့ ပါဝင်လာ၏။

စည်သူက ပကတိ ရှင်းလင်းတောက်ပသော မျက်လုံးများနှင့် ရိုးသားဖြူစင်စွာ ပြန်ကြည့်ပြီး မေးဆတ်ပြလိုက်သည်။

"ကျွန်တော် အစ်ကို့ကို သဘောကျလို့.."

နောက်ဆုံးတော့ ပြောလာခဲ့ပြီဖြစ်၍ စည်သူ သက်မချလိုက်သည်။ လူတစ်ယောက်၏ ချစ်ခြင်းမေတ္တာကိုရက်စက်စိမ်းကားစွာ ငြင်းပစ်ဖို့ အခွင့်အရေးအား ဝမ်းသာတကြီးစောင့်မျှော်နေခဲ့ခြင်းမှာ သူ့ချစ်သူ၏ စိတ်ချမ်းသာမှုကြောင့်သာ ဖြစ်သည်။ တစ်ဘက်လူ၏ အခြေအနေကို ငဲ့မကြည့်နိုင်လောက်အောင်ပင် ဘီလီယံ့ကို ချစ်မြတ်နိုးသော မိစ္ဆာစိတ်မှာ သူ့တစ်ကိုယ်လုံး၌ လင်းဝေစိုလဲ့နေပါ၏။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now