အခန်း-၁၆

1.6K 157 13
                                    

"သဇင်ခြံထဲမှာ ငါ မမြင်နိုင်တဲ့ အရောင်တွေ အများကြီး ရှိတယ်.. ဖေဖေ ထွက်မသွားမီ သူနဲ့ နောက်ဆုံး နေ့လယ်စာစားခဲ့တဲ့ နေရာကလည်း မန္တလေးက သဇင်ခြံမှာပဲ"

ဘီလီယံ့ သွားကြားထဲ နှစ်ပိုင်းပြတ်သွားသည့် ကြက်သွန်ဖြူလေးဆီမှ စိမ်းရွှင်ရွှင်ရနံ့နှင့် စပ်ရှမွှန်ထူမှုကို မချိမဆန့် ခံစားလိုက်ရသည်။

ကိုစည်က ဟင်းရည်တစ်ဇွန်း ခပ်သောက်ရင်း စကားဆက်၏။

"နောက်ပြီး သဇင်ခြံတွေက ဖိုးဖိုးပိုင်တာ.. ငါက ဖိုးဖိုးနဲ့ ရင်ဘတ်ချင်း မနီးဘူး... "

"ဘာဖြစ်လို့လဲ"

"ငါ့မျက်လုံးမှာ စွဲကပ်နေတဲ့ Protanopia colorblindness ဟာ ဖိုးဖိုးဆီက မျိုးရိုးလိုက်ခဲ့တာပဲ.. အဲ့ဒီ ရောဂါက ယောက်ျားတွေမှာပဲ အဖြစ်များတယ်.. ဖိုးဖိုးရဲ့ တစ်ဦးတည်းသော သမီး မေမေ့ဆီမှာ အဲ့ရောဂါရဲ့ ဇစ်မြစ်ပါလာခဲ့ပေမဲ့ သူ့သားဖြစ်တဲ့ ငါ့ဆီမှာပဲ ရောဂါ ရုပ်လုံးပေါ်တယ်.. မေမေက အမျိုးသမီးဖြစ်တဲ့အတွက် သယ်ဆောင်သူပဲပေါ့.. ဒါကြောင့် မသိနားမလည်တဲ့ အရွယ်တုန်းက ငါ ဖိုးဖိုးကို.."

စိတ်မကောင်းဖြစ်သလို ခေါင်းငုံ့ချလိုက်ပြီးမှ မျက်ခုံးစွန်းတစ်ဖက်ကို လက်ချောင်းထိပ်နှင့် ကုတ်ခြစ်နေရင်း..

"ပြီးတော့.. ငါ မှတ်မိသလောက် ဖေဖေနဲ့ ဖိုးဖိုးက လုံးဝ မတည့်ဘူး... သူတို့နှစ်ယောက် ခဏတိုင်း ပြဿနာတက်တယ်...
ဒါပေမဲ့ ဖေဖေ နောက်ဆုံး ထွက်သွားတော့မဲ့ အချိန်မှာ သူ ပြဿနာတက်တာက ဖိုးဖိုးနဲ့ မဟုတ်ဘဲ မေမေနဲ့ ဖြစ်နေခဲ့တယ်.. ဖေဖေ အိမ်ပေါ်က ဆင်းသွားတော့ ဖိုးဖိုးက သိပ်ဝမ်းသာတယ်... ဖိုးဖိုးက ဖေဖေ့ကို ပိုင်းလုံးကောင်လို့လည်း အမြဲပြောတယ်"

ဘီလီယံ့ကို မော့ကြည့်ပြီး ပြောရာမှ ပိုင်းလုံးကောင် ဟူသည့် နေရာတွင် ကိုစည့် မျက်လုံးများက ဖျတ်ခနဲ အရောင်လွင့်ပြယ်ကုန်သည်။ ကျောက်စိမ်းရောင် နုနု မျက်ဆံအိမ်ထဲမှ မှည့်နက်ကလေးပေါ်သို့ ရေတစ်စက် တောက်ချလိုက်သည့်နှယ် နစ်အိဝင်သွားတတ်သည့် အခိုက်မျိုးမှာ ကိုစည် ဘယ်လို ခံစားနေရပြီ ဆိုတာကို ဘီလီယံ တန်းသိပါသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now