အခန်း-၅၂

1.5K 160 45
                                    

ကော်ဖီသောက်ပြီး၍ ချဉ်နေသော ခံတွင်းကို စီးကရက်တစ်လိပ်နှင့် ဖြေဖျောက်ရင်း ဝရံတာမှာ စည်သူ မှီရပ်နေသည်။ သူနဲ့ ဘီလီယံ စကားမပြောဖြစ်တာ လေးရက်မျှ ရှိပြီဖြစ်သည်။ ဒီလေးရက်အတွင်းမှာ ဘယ်ကနေဘယ်လိုစကားစရမည်မသိအောင်၊ စကားစဖို့လည်း စိတ်မကူးမိအောင် ဘီလီယံ့မွေးနေ့မှပြဿနာသည် သူတို့အချစ်ရေးအပေါ် အနှောင့်အယှက်ပေးနေလျက်ရှိ၏။ သူတွေးသမျှနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော ချစ်သူ၏ စိတ်ကူးတွေကို ကြားသိရပြီးနောက်မှာ ဘယ်ဘက်ကအနားစကို စတင်ညှိယူရမလဲဟု သူအတွေးများရလေသည်။

မီးရောင်မှိန်မှိန်လင်းနေသော ကော်ရစ်တာထောင့်မှ အဆောင်ခန်းသို့ သူ့အကြည့်များ ငြိတွယ်ဆဲတွင် သူမြင်ဖူးသော ကောင်လေးတစ်ယောက်က ထိုအခန်းထဲ ဝင်သွားတာကို တွေ့လိုက်ရ၏။ ထိုကောင်လေးကို တက္ကသိုလ်ကျောင်းသားဟု မှတ်မိနေတာ မဟုတ်ဘဲ အပြင်မှာ မြင်ဖူးခြင်းဖြစ်ပေမဲ့ ဘယ်ကဖြစ်သည်ကို စဉ်းစားမရပေ။ ထိုစဉ် စာအုပ်ထဲ မျက်နှာဝင်မတတ် စာကျက်ရင်း လမ်းလျှောက်နေသော လင်းခက သူ့အနီး ရောက်လာ၏။

"လင်းခ"

လင်းခက စာကျက်နေတာကိုရပ်ပြီး  "ဟုတ်ကဲ့" ဟု စကားပြန်သည်။

"ဟို.. ဘီလီယံတို့အခန်းထဲ ဝင်သွားတာက ဘယ်သူလဲ"

"ဘယ်သူလဲ ကိုကြီး"

"ကျောင်းသားမဟုတ်တဲ့ကောင်လေးတစ်ယောက်ပဲ.. ငါမြင်ဖူးသလိုဖြစ်နေတာ ဘယ်သူလဲမသိဘူး"

"ဘီလီယံတို့အခန်းထဲဆို.. ဝနကိုပြောတာလား"

"ဝန.. ဝနက ဘယ်သူလဲ"

"ရှားလော့လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးလေ ကိုကြီးမသိဘူးလား"

ထိုအခါမှ စည်သူသတိရသွားသည်။ ဝနဆိုသည့် စားပွဲထိုးကောင်လေးက ဘီလီယံနှင့်သူ လက်ဖက်ရည်ဆိုင်ထိုင်တုန်းက ဘီလီယံ ပြောပြခဲ့သည့် ကိုးတန်းနှင့်ကျောင်းထွက်လိုက်ရသည်ဆိုသည့်ကလေး ဖြစ်မည်။ ထိုကောင်လေးက ယောက်ျားလေးအဆောင်ကို ဘာလာလုပ်တာပါလိမ့်။

"သူက ဘာလာလုပ်တာလဲ"

"ငပြည့်က သူ့ကိုစာသင်ပေးနေတာလေ ကိုကြီးမသိဘူးလား"

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now