အခန်း-၂၁

1.6K 150 32
                                    

"ကိုစည့်ကို ဖွင့်ပြောတော့မယ်"

"ဟင်" ဟူသော တုံ့ပြန်သံအဆုံးမှာ
"ဟာ""ဘာ" "ဟဲ့ဟဲ့.." "ဟေ" ဆိုသော လူထုအုံကြွသံများ ထွက်ပေါ်လာ၏။

အော်ကြောလန်နေသော တစ်ကွင်းလုံးရှိ လူရာပေါင်းများစွာ၏  မျက်လုံးများမှာ ချာချာလည် မူးဝေနေသော သမိုင်းစည်သူထွန်းဆီ ပြေးကပ်လာကြသည်။

ထိန်းမ,ထားသော ပြည်ခမ်းစိုင်၏ လက်မောင်းကို အတင်း ဆွဲဖယ်ပြီး စည်သူ အားယူပြောလိုက်သည်။

"မင်း.. မင်းဦးလေးကိုရှာ... ငါ့ကိုလာထိန်းမနေနဲ့ သွား မြန်မြန်သွား"

ဆူပွက်နေသော သွေးကြောများ နားထင်အတွင်း ပိတ်လှောင်နေသည်ကို လက်ညှိုးနှင့် ဖိထိန်းရင်း စည်သူ အော်ထုတ်ပစ်လိုက်သည်။ ပြည်ခမ်းစိုင်က ခြေမကိုင်မိ၊ လက်မကိုင်မိ ပြာနေရာမှ လုံးနေအောင် ပြေးသွား၏။

လွန်ခဲ့သော တစ်နာရီခန့်..

မေဂျာပေါင်းစုံ ဘောလုံးပွဲ ကျင်းပရာ မြက်ခင်းပြင်ကြီးမှာ မျက်စိတစ်ဆုံး ဖြောင့်ဖြူး၍ နေသည်။ အလျားရှည်၍ အနံတိုသော သစ်သားတန်းများတွင် သက်ဆိုင်ရာ ဘန်နာကိုယ်စီနှင့် ကျောင်းသားများမှာ ထိုင်လိုက်၊ ထလိုက်နှင့် ဂနာမငြိမ်ဘဲ ဆူညံနေ၏။

မိမိတို့ သူငယ်ချင်း လက်ရွေးစင်ကစားသမား ဒန်းမွေကို အားပေးရန် စည်သူတို့ ရောက်ရှိနေခြင်း ဖြစ်သည်။ တစ်ဖက်အသင်းမှ ဂိုးတစ်ခါ သွင်းလိုက်တိုင်း လက်ခမောင်းခတ် ချီးမြှောက်သံများ၊ အားမလိုအားမရ စိတ်ပျက်သံများ၊ ဒိုင်လူကြီး၏ ဆုံးဖြတ်ပေးမှုများ၊ ကျောင်းအုပ်ကြီး၏ သြဘာချသံများနှင့် ကွင်းလုံးကျွတ် မြိုင်ဆိုင်စည်ကားနေသည်။
ကျောင်းသားသမ္မဂက ရေဝေ ကောင်မလေးဆီမှ ရေတစ်ခွက်ယူသောက်ပြီး စည်သူ မိုးတိုးမတ်တပ် ထရပ်လိုက်သည်။ ပထမပွဲစကတည်းက သစ်ရွက်လေး လေလွင့်သလို အပူးလိုက် ပျောက်သွားသော ဘီလီယံနှင့် ဝေလမှာ ပွဲပြီးခါနီးအချိန်အထိ အမြှီးလေးပင် ပေါ်မလာ။ ပုံမှန် ဘောလုံးပွဲဆို သည်းကြီးမည်းကြီး ကြည့်တတ်သည့် ကောင်တွေက သူတို့ကိုကြီးဒန်းမွေ၏ ပွဲကျမှ ပျောက်ခြင်းမလှ ပျောက်နေသည်မှာ ထူးဆန်းလှ၏။

ရှားလော့မှ နဂ္ဂတစ်များTempat cerita menjadi hidup. Temukan sekarang