အခန်း-၄၅

1.7K 152 60
                                    

မနက်ကိုးနာရီတွင် နှိုးစက်သံသုံးခုမှာ တစ်ပြိုင်တည်း အော်ဟစ်ဆူညံလာ၏။

ဘီလီယံနှင့် ခီရာဦးက နှိုးစက်မပေးတတ်သော်လည်း ကျန်သုံးယောက်မှာတော့ မတူညီသော မြည်သံများနှင့် နှိုးစက်ပေးတတ်ကြသည်။

ဝေလက ကြက်မတွန်သေးသော အချိန်ကို မှတ်၍ ဆိုင်းသံဗုံသံတွေနှင့် နှိုးစက်ပေးတတ်သည်။ ဘီလီယံကလည်း ပုံမှန်ချိန်ဆို ဆင်နင်းသွားလျှင်တောင် မနိုးတတ်သူမို့ အဆောင်နေစဉ်တုန်းက ပြဿနာမရှိခဲ့သော်လည်း ခုဝေလနှင့် အတူကျနေသည့် ခီရာဦးနှင့် ဒန်းမွေမှာ နားဒုက္ခရောက်ရသည်ဆို၏။ လင်းခ၏ နှိုးစက်ကတော့ မီးရထားဉသြဆွဲသံကြီး ဖြစ်သည်။ အဲ့အသံနှင့်ပဲ သူ အမြဲ နိုးတတ်၏။ ခန်နိုင်းမံကကျ ပီယာနိုသံလိုလို၊ စမ်းချောင်းကျသံလိုလိုနှင့် သာယာငြိမ့်ညောင်းသော သံစဉ်မျိုးကို ထားတတ်သည်။ သူတစ်ယောက်သာ ထိုအသံနှင့် နိုးနိုင်ပေမဲ့ သူ့နှိုးစက်သံကို ကြားရသူအပေါင်းကတော့ ပြန်လည်အိပ်ပျော်သွားကြ၏။ နှိုးနေတဲ့သူကိုပင် ပြန်အိပ်စေနိုင်သော အသံမျိုးတွေကို သူမို့ alarm ပေးတတ်သည်။

ဒီတစ်ခါတော့ အိပ်ပျော်စေတဲ့ သူ့နှိုးစက်သံမှာ မီးရထားဉသြဆွဲသံနှင့် ရွာဘုရားပွဲက ဆိုင်းသံ၊ ဗုံသံတွေအောက် ပျောက်ကွယ်လုနီးပါး ဖြစ်နေသဖြင့် ဘီလီယံ မထချင်ဘဲ ထလာလိုက်ရသည်။ စိတ်နောက်ပြီး အိပ်ခဲ့တာမို့ နိုးတော့လည်း မကြည်လင်။ ကုတင်ပေါ်ကအဆင်းမှာ ကြမ်းပြင်ပေါ်ကျနေသော ဂွမ်းစောင်အစကို တက်နင်းမိပြီး ဘိုင်းခနဲ ချော်လဲသည်။ အားလုံး လန့်နိုးကုန်၏။

"အားဟား နာလိုက်တာ"

"လုပ်ပြီကွာ စောစောစီးစီး"

ခီရာဦးက သူ့ပုခုံးကို ခြေထောက်နဲ့ ဖွဖွကန်ပြီး ကျော်ခွသွားသော်လည်း ကြမ်းပြင်ကို နဖူးနဲ့တိုက်ပြီး သူ ငြိမ်သက်နေသည်။ ညက ကိုစည့်အိပ်ချိန်ကျော်သွားပြီး သူလည်း သူငယ်ချင်းတွေကို အားနာရတာမို့ မနက်မှပြောမည်ဟု ဆုံးဖြတ်ခဲ့သော ကိစ္စမှာ အိပ်မရအောင်လုပ်ခဲ့သည့်အပြင် ဒီနေ့တစ်နေ့လုံး အဆင်ပြေပြေနေနိုင်မည့်အလားအလာ မရှိပေ။ သူ ကိုစည်နဲ့ ပြဿနာဖြစ်ပြီးတိုင်း နေရထိုင်ရအဆင်မပြေတာ၊ လုပ်သမျှ အလွဲတွေဖြစ်တာ ထုံးစံလိုပင်။
တစ်လှည့်စီမျက်နှာသစ်သွားတိုက်ပြီး ခန်နိုင်းမံ၏အိမ်မှာပဲ မနက်စာစားဖြစ်ကြသည်။ ခန်နိုင်းမံ၏ မိဘတွေက သူတို့သားကိုပင် သေချာဂရုမစိုက်ဘဲ ဘီလီယံတို့ မနိုးခင်ကတည်းက ကားကိုယ်စီနှင့် အလုပ်သွားကာ အိမ်အစေနှင့်ပဲ ပစ်ထားခဲ့သဖြင့် နေရတာတော့ လွတ်လပ်သည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now