အခန်း-၃၇

1.2K 146 25
                                    

"ကဲ ရပြီဗျာ.."

ကြက်သားဖတ်များများနှင့် သိပ်သည်းဆလေးလံသော ဆန်ပြုတ်ပန်းကန်လုံးကို လက်သုတ်ပုဝါနှစ်ခုနှင့် သေချာကိုင်၍ စည်သူ ဝင်လာခဲ့သည်။

ဘီလီယံက ကုတင်ပေါ် လှဲ၍ မှိန်းနေပြီး စည်သူ ထထိုင်ပေးမည်ကို စောင့်နေသည်။ စည်သူက သူ့အနားရောက်တော့ ဆန်ပြုတ်ကို စားပွဲပေါ်တင်၊ ကုတင်အောက်က သစ်သားခေါက်စားပွဲလေးထုတ်ပြီး ကုတင်ပေါ် ကျကျနန တင်ပေးသည်။ ပြီးနောက် ဘီလီယံ့ကို လက်မောင်းနှစ်ဖက်မှ အသာ ဆွဲထူပေးရ၏။ ထနိုင်လျက်သားနှင့် သက်သက် ဂျီနေသော ဘီလီယံက ကျောမတ်သွားပြီဆိုလျှင်ပဲ ပျော့တိပျော့ဖတ်နှင့် စည်သူ့ ရင်ခွင်ထဲ မှီကျသွားပြန်သည်။

"ဆန်ပြုတ်သောက်မယ်လေ ဘီလီယံရဲ့"

"ခွံ့ကျွေး"

နေမကောင်းစဖြစ်ကတည်းက စည်သူ့ကို အမျိုးမျိုး ခိုင်းစားနေတာ ဖြစ်သည်။ ဆန်ပြုတ်ကအစ ဆိုရှယ်မီဒီယာပေါ်က လိုက်ကြည့်ပြီး သူ သောက်ချင်သည့် ပုံစံမျိုးကို ချက်ပေးရသည်။ ခုခေတ်ကလေးတွေ ဆိုရှယ်မပါလျှင် ဘာမှမလုပ်တတ်တော့ဘူးထင်၏။

သူ့အလိုအတိုင်း တစ်ဇွန်းချင်း သေချာ ခွံ့ကျွေးပြန်တော့ စားချင်သလိုလို၊ မစားချင်သလိုလို နှုတ်ခမ်းတွေကို စေ့ပိတ်ထားသည်။

"ပါးစပ်ဟလေ ဘီလီယံ"

စည်သူ ထပ်ပြောမှ ပါးစပ်ကို အကျယ်ကြီး ဟပေးပြီး လျှာကို ထုတ်ပြသည်။ သူ့လျှာကို မြင်ရသည့်အခိုက်မှာ စည်သူ့ မျက်လုံးများ ပြာဝေသွား၏။ ဆန်ပြုတ်ကိုင်ထားသည့် လက်ကလည်း အံ့သြထိတ်လန့်မှုနှင့် တုန်ယင်သွားသည်။

သူ့လျှာမှာ အပေါက်ဖောက်ထားကာ နားကပ်တပ်သလို အလုံးလေး တပ်ထား၏။ ဘယ်တုန်းက ဒီလို ကမြင်းလိုက်လဲမသိ။ သူနှင့် ကြည့်ကောင်း၏ မကောင်း၏ကို မတွေးနိုင်ဘဲ ဒေါသဖြစ်မိသည်။ ဒီလို အကျင့်တွေကို စည်သူ မကြိုက်တာ သိလျက်နှင့် တမင် လုပ်လိုက်သလိုပင်။ စိမ်းမှောင်တောက်ပသော မျက်လုံးများက စူးရဲသွားလျက် ဆန်ပြုတ်ပန်းကန်ကို ကုတင်ဘေးသို့ ပြန်တင်ရန် ဘီလီယံ့ကို ဆူရန် မျက်နှာလှည့်လိုက်သည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now