အခန်း-၁၁

1.7K 163 11
                                    

ဘီလီယံသည် ရေချိုးခန်းထဲဝင်ပြီး သွားတိုက်ရန် အသွားမှာပင် ကော်ရစ်တာတလျှောက်၌ ကျီးကန်းတောင်မှောက် လိုက်ကြည့်ရင်း ဂနာမငြိမ် ဖြစ်နေခဲ့သည်။
နေ့သစ်တစ်ခု၏ မျက်လုံးပွင့်စ အချိန်တွင် ကိုစည့်အား အရင် တွေ့ချင်သည့် သူ့ဆန္ဒမှာ ဘယ်သူမှ မသိသည့် လျှို့ဝှက်ချက်လေး တစ်ခုပင် ဖြစ်သည်။

ရေချိုးခန်းထဲရောက်တော့ အပြာရောင် သွားတိုက်တံလေးကို သွားတိုက်ဆေးတင်ပြီး ပျင်းတိပျင်းရွဲ တိုက်မိသည်။ အိပ်ရာထနောက်ကျသဖြင့် ရေချိုးခန်းထဲ သူတစ်ယောက်တည်းပင်။ ဘီလီယံပြည့်လျှံဆိုတာ တစ်ယောက်တည်း နေတတ်သည့် သတ္တဝါမဟုတ်။ အနည်းဆုံး ဘေးမှာ လူတစ်ယောက်ရှိနေမှ နေသာသည်။

သူသွားတိုက်နေတုန်း အဝတ်ရိုက်သံ ကြားလိုက်ရသဖြင့် ခေါင်းကို လှစ်ခနဲ လှည့်လိုက်မိသည်။

ဟင်.. ပါးစပ်ထဲမှ သွားတိုက်တံပင် လွတ်ကျတော့မလို ဟခနဲ ဖြစ်သွားမိသည်။ ပုဆိုးတိုတို ဝတ်ထားသော ကိုစည်သည် ဘာကိုမှ မမြင်သည့်အတိုင်း ရေကန်ဘေးတွင် ဆောင့်ကြောင့်ထိုင်၍ စွပ်ကျယ်လျှော်နေခြင်း ဖြစ်သည်။ ကိုစည် ဝတ်ထားသည့် အဆောင်နေပုဆိုးက အရောင်မွဲမွဲ ဖြစ်သည့်အပြင် ခုံပုလေးကို ဖင်ခုထိုင်ထားသဖြင့် ဒူးဆစ်ကျော်ကျော်အထိသာ ဖုံးလွှမ်းနေသည်။ ကိုစည့် ခြေသလုံးတွေက ကျစ်လစ်ပြီး ဖြူဖွေးကာ.. အမွှေးအမျှင်များက ပါးလှပ်စွာ ပေါက်နေ၏။

ကိုစည် အသားဖြူပုံက ဘီလီယံတို့နှင့်မတူ။ အသွေး၊အသားနှင့် အရိုးများထဲမှကို ဖြူဝင်းတက်လာသည့် ပုံစံမျိုးနှင့် ယောက်ျားပီသခြင်း ဖြစ်သည်။ အသားဖြူလွန်းပေမဲ့ ဖျော့တော့ပျော့ဖတ်သွားတာမျိုးမဟုတ်ဘဲ အသားအရည်၏ ကောင်းမွန်ခြင်းနှင့် ပြည့်ဝနေသည်ပင်။
အပြစ်အနာအဆာကင်း၍ နုနယ်ခြင်းမရှိ။ သန့်စင်ကြည်လင်ခြင်းကိုသာ ကိုယ်စားပြုသည်။ ရခိုင်လူမျိုး ဖြစ်၍ တောင့်တောင့်တင်းတင်းရှိကာ လူပုံစံကြည့်လိုက်တာနှင့် ယောက်ျားဆန်သော လူချော၊ လူရည်သန့်တစ်ယောက်မှန်း သိသာစေသည်။

သွားတိုက်တံကြီး ကိုက်၍ ငေးကြည့်နေတုန်းမှာ ကိုစည့် လှုပ်ရှားမှုတွေက ရပ်တန့်ကုန်သည်။ အဝတ်လျှော်တာကို ခဏရပ်ကာ ပြေပြစ်ဖွေးဆွတ်သည့် နဖူးပေါ်၌ ဆံမျှင်နှစ်ချောင်း ကျနေသည်ကို တံတောင်နှင့် ဆွဲပွတ်လိုက်ပြီး မျက်လုံးလှန်ကြည့်လိုက်သဖြင့် ဘီလီယံ ပြာခနဲ ဖြစ်သွားသည်။
ကိုစည်က ဘီလီယံ့ကို အံ့အားသင့်စွာ မော့ကြည့်နေသည်။
အတန်ကြာတော့ ထိုအံ့သြမှူက ပပျောက်သွားသော်လည်း အကြည့်ကား မလွှဲသေးပေ။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now