အခန်း-၁၃

1.6K 151 23
                                    

စနေနေ့ မနက်ခင်းတွင် ပြည်ခမ်းစိုင်နှင့် တွေ့ရန် မဟာအောင်မြေလမ်းက နှစ်ထပ်တိုက်ကြီးဆီ၌ စည်သူ ရောက်ရှိနေခြင်း ဖြစ်သည်။ စာအတူလုပ်ပြီး၍ ပြန်မည် ကြံသော်လည်း ပြည်ခမ်းစိုင်၏ မေမေက စည်သူ့အား နေ့လယ်စာ စားပြီးမှ ပြန်ရမည် ဆိုကာ အတင်းချုပ်ထားပါသည်။ ထို့ကြောင့် စည်သူလည်း ထမင်းမစားခင် ပြည်ခမ်းစိုင်နှင့် ရုပ်ရှင်ကြည့်နေဖြစ်သည်။

"ပြည့်ပြည့်က မနိုးသေးဘူးလား"

ဆယ့်တစ်နာရီသို့ ညွှန်ပြနေသော တိုင်ကပ်နာရီကို ကြည့်ပြီး စည်သူ မေးမိသည်။ ပြည်ခမ်းစိုင်က အာလူးကြော် တကျွတ်ကျွတ်ဝါးရင်း..

"ဘယ်နိုးသေးမလဲ.. အဲ့ကောင်က ကုလားသေကုလားမြောအိပ်တာ"

"မင်းက နည်းနည်းပါးပါး ဆုံးမဦးလေ.. တက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်နေပြီ.. ကလေးလည်းမဟုတ်ဘူး"

"ပြောတာပဲ.. လေးပြည့်က ငါ့စကား ဘယ်တုန်းက နားထောင်ဖူးလို့လဲ.. ပြီးတော့ ခုက ပိတ်ရက်ပဲဟာ.. အိပ်ပါစေ"

ပြည်ခမ်းစိုင်၏ အလိုလိုက်တတ်ပုံကို သဘောမကျသဖြင့် စည်သူ ခေါင်းယမ်းခါလိုက်မိသည်။

"သားသား ခမ်းစိုင်ရေ.. မေ့ကို မီးစက်ထဲ ထည့်ဖို့ ဆီသွားဝယ်ပေးပါဦး"

အန်တီက ခေါ်သည်နှင့် ပြည်ခမ်းစိုင် ထသွားရသည်။ မီးစက်ထဲ ထည့်သည့် ဓာတ်ဆီမှာ လမ်းထိပ် စတိုးဆိုင်တွင် ဝယ်၍ မရ၊ ကားလမ်းဘက်ထိ သွားဝယ်ရသည်။ ပြည်ခမ်းစိုင်က ဆိုင်ကယ်မောင်းမထွက်ခင် " နေ့လယ်စာ စားချိန်ကျရင် စည်သူ့ကို အရင်စားခိုင်းထားလိုက် မေမေ " ဟု မှာသွားသဖြင့် စည်သူနည်းနည်း အားနာမိသွားသည်။
ပြည်ခမ်းစိုင်နှင့် သူ ဆိုတာ ငယ်စဉ်တောင်ကြေး ကလေးဘဝကတည်းက ပုခုံးဖက် ပေါင်းလာခဲ့သူများ ဖြစ်သည့်တိုင်အောင် ခုလို သူ့အိမ်မှာ သူမရှိဘဲ ထမင်းစားရမည့် အရေးကိုတော့ ဧည့်သည်အနေနှင့် အလိုက်မသိသလို ဖြစ်မှာ စိုးရိမ်သည်။

ပြည်ခမ်းစိုင်က ခြေများကများနှင့် နေ့လယ်စာစားချိန် အမှီ ပြန်မရောက်လောက်ပေ။
စည်သူ စိတ်ဆုံးဖြတ်ကာ ထမင်းစားခန်းထဲ ဝင်သွားလိုက်တော့ ဟင်းချက်ပြင်ဆင်နေသည့် အန်တီ့ကို တွေ့ရသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now