အခန်း-၁၄

1.6K 147 16
                                    

လင်းခ၏ အသက်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့တွင် သူတို့ သူငယ်ချင်းများနှင့် စီနီယာအစ်ကိုများကို အတန်းဆင်းလျှင် ဆင်းချင်း ဟော့ပေါ့ လိုက်ကျွေးခဲ့သည်။

ထိုတွင်မှ လင်းခ၏ အကြောင်းကို ပိုသိခဲ့ရသည်။

သောင်လင်းခကြွယ်က တော်ရိရော်ရိ ချမ်းသာတာ မဟုတ်ပေ။ သူ သုံးသမျှ အရာအားလုံးဟာ သိန်းရာချီ ပေးရသည့် branded များ ဖြစ်သည့်အပြင် အသက်ဆယ့်ရှစ်နှစ်နှင့်ပင် နိုင်ငံခြားက ကုမ္ပဏီများ၌ပါ ရှယ်ယာထည့်ဝင်ထားနိုင်သည့် ဂရိတ်တစ်ခုမှာ ရှိနေသည်။ ဘီလီယံတို့ ဂျူနီယာများမှာ အသက်မပြည့်သေးသည့်အတွက် ကားစီး၍ ကျောင်းတက်သူများ ရှားပါးသည့် အချိန်တွင် သောင်လင်းခကြွယ်ကတော့ အသက်မပြည့်သည်သာမက လိုင်စင်မရှိသည့်ကြားမှပင် ကားစီးခဲ့ပါသည်။ လမ်းမှာ အစစ်ဆေးခံရလည်း ဖြေရှင်းနိုင်မည့် ငွေကြေးပမာဏ သူ့မှာ အလုံအလောက် ရှိသည်။

သို့ရာတွင် လင်းခမှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်၏ လွတ်လပ်ပေါ့ပါးခြင်းနှင့် လူငယ်တစ်ယောက်၏ သွက်လက်ပျော်ရွှင်တတ်ခြင်းမျိုး မရှိခဲ့ပေ။ သူ့ခေါင်းထဲတွင် သူ့ဘဝကို မြှင့်တင်ပေးနိုင်သည့် ပညာရေးအကြောင်းကိုသာ စဉ်ဆက်မပြတ် တွေးတောနေခဲ့ပြီး ထိုအရာမှာ ဘိုစွဲနိုင်ဖို့ကို အမြဲ အာရုံစိုက် ကြိုးစားနေခဲ့သည်။ လင်းခဟာ နေ့တစ်နေ့တွင် ဆယ်နာရီလောက် မနားတမ်း စာလုပ်နိုင်သည်ဟု ထင်မိသည်။ သူများတွေ အိပ်ချိန်မှာ သူ မအိပ်နိုင်ဘဲ စာထလုပ်လျှင်လည်း လုပ်နေတတ်သည်။ လင်းခ၏ ထိုမျှ တင်းကြပ်သော စိတ်အားထက်သန်မှုကို ကြည့်ပြီး ဘီလီယံတို့ ကရုဏာသက် ပင်ပန်းကြရသည်။

ဟော့ပေါ့ဆိုင်သွားရန် အားလုံး အဆင်သင့်ဖြစ်ပြီဆိုကာမှ ရေချိုးနေဆဲ ဒန်းမွေမှာ ဝုန်းခနဲ ချော်လဲတော့သည်။

ပြည်ခမ်းစိုင်နှင့် စည်သူလည်း ဒန်းမွေကို ဆွဲထူမပြီး ယောင်ကိုင်းသွားသော ခြေသလုံးကို ဆေးဝိုင်းလိမ်းပေးရတော့သည်။

"အရေးဟဲ့အကြောင်းဟဲ့ဆို ဒီကောင် ဖြစ်လိုက်ပြန်ပြီ"

စည်သူက သူ့ဝသီအတိုင်း ဆူပူမာန်မဲတော့ ဒန်းမွေ မျက်နှာမှာ ဆီးရွက်လေးလောက်သာ ကျန်တော့သည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now