အခန်း-၅၄

1.3K 157 33
                                    

ကျောင်းပိတ်ရက်တစ်ရက်မှာ ကိုစည်က ဘီလီယံ့ကို သူ့အိမ်သို့ ခေါ်သွားသည်။

"တကယ်တော့ ငါအိမ်ဆောက်ထားတယ်ဆိုတာက ငါ့ဟာငါ လွတ်လွတ်လပ်လပ်နေချင်လို့ကွာ သိလား.. နောက်သုံးနှစ်ဆိုလည်း သုံးဆယ်တန်းရောက်ပြီဆိုတော့ ကိုယ့်ကိုယ်ပိုင်ဝင်ငွေနဲ့ အိမ်တစ်လုံး ကားတစ်စီးတော့ရှိထားသင့်ပြီလေ.. မြေနေရာကလည်းကောင်းတော့ ငါနောက်ပိုင်း ကထိက ဖြစ်ပြီး တခြားမြို့ကိုတာဝန်ကျရင်လည်း ဈေးကောင်းကောင်းနဲ့ အိမ်ငှားတင်လို့ရတာပေါ့.. "

သူစကားခေါ်ထားတာ မအောင်မြင်တော့ ကားမောင်းရင်း အရှက်ပြေပြောနေသော ကိုစည့်ကို စိတ်မသက်သာစွာ ကြည့်မိရင်း

"ဟုတ်တယ် ကိုစည်" ဟု စကားထောက်ပေးလိုက်ရသည်။

"မင်း လိုက်ကြည့်ပြီး ပြင်စရာရှိတာ တွေ့လည်း ပြောပေးပေါ့.. လူနည်းနည်းပဲနေမှာဆိုတော့ တစ်ထပ်တည်းကိုပဲ ခပ်ကျယ်ကျယ်လုပ်ထားတယ်.. မင်းသဘောကျမှာသေချာတယ်"

ကိုစည်က သူတစ်ယောက်တည်းနေမှာဟု မပြောဘဲ လူနည်းနည်းပဲနေမှာဟု စကားနှင့်ဖော်ပြနေပုံကြည့်ခြင်းအားဖြင့် ဒီကိစ္စကို လက်မလျှော့သေးမှန်း သိသာစေသည်။

"ဈေးနဲ့လည်းနီးတယ်.. လမ်းမကြီးပေါ်မှာဆိုပေမဲ့ လမ်းကြိုလမ်းကြားလေးတွေလည်းပေါတယ်.. ရပ်ကွက်ကလည်း ဖော်ရွေပြီး လူသန့်တယ်တဲ့.. ငါကတော့ သဇင်ပန်းတွေစိုက်ချင်လို့ ခြံကိုလည်း decoration လှလှလေး လုပ်ထားတယ်.. "

"ခြံကျယ်မှာပေါ့နော်"

"ကျယ်တာပေါ့ ကားဂိုဒေါင်လည်းပါတယ်.. ဒါပေမဲ့ ငါက နှစ်ထပ်လောက်ဆောက်ချင်တာကွာ အိမ်အကြီးကြီးတွေ သဘောကျပေမဲ့ ဘတ်ဂျက်မနိုင်တော့လို့"

"ကိုစည်တစ်ယောက်တည်းနေမှာကို တစ်ထပ်ပဲ အဆင်ပြေပါတယ်"

ကိုစည်၏ "အင်း" ဟူသော ထောက်ခံသံမှာ အားမလိုအားမရ ဖြစ်မှုတွေပါနေတော့ ဘီလီယံ စိတ်မကောင်းပေ။

ဟိုရောက်တော့ တကယ်လည်း ဘီလီယံ သဘောကျရသည်။ ကိုစည် ကိုယ်တိုင်စိတ်တိုင်းကျ ပြင်ဆင်မွမ်းမံပြီး ဆောက်ခိုင်းထားသည့် အိမ်ဆိုတော့ အထဲမှာ ဘာပစ္စည်းမှ မထည့်ရသေးသည့် အကြမ်းအဆင့်မှာတောင် ခေတ်မီလှပပြီး နေချင်စရာကောင်းလှပါ၏။ အပြာနုနှင့် အဖြူရောစပ်ထားကာ အထက်တန်းကျ၍ တည်ဆောက်ပုံအချိုးကျသော တိုက်နှင့် ခြံဝန်းကျယ်ကျယ်ကို ဘီလီယံ ကြည့်မဝ ဖြစ်သွားသည်။ ခြံထဲမှာကတော့ သဇင်ပန်းဉတွေ စိုက်ထားပြီး ဖြစ်၏။ လက်သမားတွေအတွက် တန်းလျားတစ်ခုလည်းရှိသည်။ စည်သူရောက်လာတော့ လက်သမားခေါင်းဆောင်နှင့် အိမ်ကိစ္စ ပြောကြစဉ် ဘီလီယံက အိမ်ထဲ ဝင်ကြည့်လိုက်သည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now