အခန်း-၃၆

1.7K 186 60
                                    

သူတို့နှစ်ယောက် အနားရောက်တော့ မျက်နှာမထားတတ်အောင် ခပ်လွှဲလွှဲ ဖြစ်နေသော ယုယ၏ လွယ်အိတ်ကို ခီရာဦးက ကူသယ်ပေးပြီး ကျွန်တော် တွဲပေးရဦးမလားဟု မေး၏။ ဘီလီယံကလည်း ခီရာဦးနှင့် ခန်နိုင်းမံရောက်လာသဖြင့် စိတ်ချသွားကာ သူမ၏ လက်တစ်ဖက်ကို တွဲထားသည်မှ ဆုတ်ခွာပြီး တစ်ဘက်ရှိ ကိုစည့်ဘေးသို့ လှမ်းသွား၏။

"ခန်နိုင်းမံနဲ့ ခီရာက မမကိုတွဲခဲ့လိုက်တော့ ကိုစည် ကျွန်တော့်ဆီလာ"

"အယ် အယ် ရတယ်"

အနားရောက်လာသော ခန်နိုင်းမံက ခပ်သေသေ မျက်နှာနှင့် ကူတွဲပေးမည်ပြင်သောအခါ သူမ ဗြုန်းခနဲ ရုန်းထွက်မိပါသည်။

"ခီရာဦးပဲတွဲပေး"

ခန်နိုင်းမံက အံ့သြသလို တစ်ချက်ငုံ့ကြည့်ပြီးမှ မျက်နှာလွှဲလိုက်လေသည်။ သူမ၏ မျက်စေ့ရှေ့က ဘီလီယံမှာတော့ စည်သူ့ကို သူ့ဘက် အတင်းဆွဲကပ်ထားပြီး ခါးကို ပွေ့ဖက်လျက် အူတိုပြနေသောကြောင့် ယုယတို့၏ အဖြစ်ကို သတိမထားမိပေ။ လူကြားသူကြားမှာ ဖြစ်၍ မနေတတ်သော စည်သူက တွန့်လိမ်နေ၏။

"ဘီလီယံ.. အဲ့လိုကြီး ခါးကို မကိုင်နဲ့လို့"

"ကိုစည်ကလည်း.."

"ဖယ်စမ်းပါ.. ကန်တင်းရောက်မှ မင်းဖက်ချင်သလို ဖက်တော့ ဟုတ်ပြီလား"

ချော့မော့ပြောလာမှ လက်လွှတ်ပေးပြီး ဖွဖွလေးသာ ထိထားတော့သည်။

ပိုင်စိုးပိုင်နင်း လုပ်တတ်တာတွေကို နေသားမကျလျက်မှ သားပျောက်သော မိခင်ကြီးပမာ စိုးရိမ်သောကရောက်မှုနှင့် သူ့မျက်နှာအား တစ်ချက် တစ်ချက်ငဲ့ကြည့်လာသော သဝန်တိုတတ်ပုံလေးကို ချစ်မြတ်နိုးမိသည်။

ဘီလီယံက ပိုင်ဆိုင်မှုပြချင်တာနှင့် ယုယနှင့် ခန်နိုင်းမံ၏ ကိစ္စကို မေ့လျော့ကာ ကန်တင်းရောက်သည်အထိ အနောက်မှာ ထိုအတိုင်းပစ်ထားခဲ့၏။ ယုယလည်း မထူးတော့ပြီမို့ အနည်းငယ် သက်သာလာပြီပြောကာ ကန်တင်းကိုသာ လိုက်ခဲ့ရတော့၏။ မဟုတ်လျှင် ဆေးပေးခန်းကို ဟိုနှစ်ယောက်နှင့် လွှတ်နေမှ ဒုက္ခပင်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now