အပိုင်း(၁၀၂)

3.8K 579 26
                                    

(Unicode)

ဂိမ်းကစားသည့်ထိုင်ခုံတွင် ထိုင်နေကျသူအဖို့ ဆေးရုံမှ ကျဥ်းကျဥ်းကျပ်ကျပ်နှင့် မာလည်းမာသည့် ထိုင်ခုံပေါ်တွင် ထိုင်ရသည်က လုံးဝအဆင်မပြေပေ။

တပ်ထားသည့် နှာခေါင်းစည်းကလည်း အတော်လေးမွန်းတာကြောင့် လုပေါ်ယွမ် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာပြီး နှာခေါင်းစည်းကို အနည်းငယ် ဆွဲချလိုက်ရသည်။ သူ မျက်နှာကြက်ကို ကြည့်နေရင်းဖြင့် လတ်ဆတ်သည့်လေကို ရှုသွင်းလိုက်၏။

ရုတ်တရက် တစ်ယောက်ယောက်ဆီက စိုက်ကြည့်ခံနေသည်ဟု သူခံစားလိုက်ရပြီး ထိုပုံစံအတိုင်း ခေါင်းစောင်းကြည့်လိုက်မိသည်။

ကောင်လေးက ကြုံရာကုတ်တစ်ထည်ကို ဆွဲဝတ်လာပြီး ကပျာကယာ ဝတ်လာရသည်မို့ ကော်လာပင် လိပ်ဝင်နေသေးသည်။ အပြာရောင်ဆံပင်မွှေးနှစ်စုကလည်း လေထဲသို့ မတ်မတ်ထောင်နေလျက်။ သူ့မျက်နှာကတော့ ပြိုလဲသွားပြီဆိုပေမယ့် လုပေါ်ယွမ်၏အင်္ကျီကိုတော့ တင်းတင်းကျပ်ကျပ် ပိုက်ထားပြီး လုပေါ်ယွမ်ကို တိတ်တဆိတ် ကြည့်နေလေသည်။

လုပေါ်ယွမ် စိတ်ထဲကနေ ဆဲလိုက်မိပြီး ချက်ချင်း ခေါင်းမတ်သွားတော့သည်။ သူထရပ်တော့မည့်အချိန် ကျန်းရုန်က သူ့ဆီ အရင် လျှောက်လာခဲ့သည်။

(၃)နာရီဝန်းကျင်သာ အိပ်ထားသည်မို့ ကျန်းရုန် နိုးလာခါစက မှိန်းမောတွေဝေနေဆဲ။ ချိတ်ကိုကောက်ယူပြီး တံခါးဖွင့်ကြည့်တုန်းကဆို လေပေါ်မှာ မျောနေသည့်အတိုင်း။ လက်ထောက်နည်းပြက သူ့ကိုပြန်သွားအိပ်ဖို့ တတွတ်တွတ်ပြောနေတုန်းက သူခေါင်းပင်ကိုက်သွားသည်။

ဒီအချိန်မှ….လုပေါ်ယွမ်၏လက်ကောက်ဝတ်မှ ပတ်တီးစကို မြင်လိုက်ရသည့် ဒီအချိန်မှ နောက်ဆုံးတော့ ကျန်းရုန် အမှန်တကယ် နိုးလာချေပြီ။

“အပေါ်ထပ်ဝတ်ထား”

သူ့အသံမှာ ကြမ်းရှနေပြီး ပြောမိသွားပုံကလည်း ခပ်တောင့်တောင့်။

လုပေါ်ယွမ်က အင်္ကျီကိုယူလိုက်ပြီး ဝတ်ရန် လက်မြှောက်လိုက်သည်။

“ခဏလေး” ကျန်းရုန်က မျက်မှောင်ကျုံ့သွားလျက် “လက်ကိုမြှောက်ခိုင်းထားလို့လား?”

||Complete|| I Can Do It [MM Translation]Where stories live. Discover now