PBye (1)

2.6K 348 8
                                    

၂၀၂၁ခုနစ်အတွက် ဖလားဆုကို TTCက ဆွတ်ခူးရရှိသွားပြီး​နောက် အလွန်တရာ စိတ်လှုပ်ရှား​နေကြသည့် ပရိသတ်အုပ်စုကြီးမှာ ပြီးခဲ့သည့်တစ်​ခေါက် MSIတုန်းကလို သိပ်မကြာခင် TTCအသင်းသားအားလုံး Livestreamလွှင့်ကြမည်အထင်ဖြင့် ကိုယ်စီကိုယ်စီ ​ပျော်​ပျော်ကြီး ​စောင့်​မျှော်​နေကြသည်။
 
သို့​ပေမယ့် တစ်ပတ်အကြာမှာလည်း ဘာမှဖြစ်မလာ။
 
ပရိသတ်အချို့က ငြိမ်ငြိမ်​လေး ထိုင်မ​နေနိုင်​တော့ဘဲ TTCတရားဝင်အ​​ကောင့်ဆီ​ပြေးကာ ​မေးခွန်းထုတ်ကြ​တော့သည်။
 
[မင်းတို့အသင်းကလူ​တွေ တစ်​နေ့တစ်​နေ့ ပိုင်ဆိုင်မှု​တွေကို ကြွားလုံးထုတ်တတ်လွန်းလို့ ပြန်​ပေးဆွဲခံလိုက်ရပြီလား? အခုချိန်ထိ တစ်​ယောက်မှ Liveမလွှင့်ကြ​သေးဘူး ​​သောက်​ရေးမပါလိုက်ပုံများ]
 
[ကျန်တဲ့သူ​တွေကိုထားဦး--ငါ့သားဆိုတဲ့​ကောင်က Streamer​လောကအတွက် စံပြပုဂ္ဂိုလ်​လေ! သူ့ရဲ့တစ်ခုတည်း​​သောရည်မှန်းချက်က သူ့အ​ဖေငါတို့ပိုက်ဆံအားလုံးကို အ​​ပြောင်သိမ်းနိုင်ဖို့ပဲ ဒါ​တောင် သူ့အတွက် နာမည်အကြီးဆုံးဖြစ်​နေချိန်မှာ တစ်ပတ်လုံးလုံး Liveမလွှင့်ဘူးတဲ့ ဖြစ်သင့်ရဲ့လား?!]
 
[​ရှောင်ပိုင်တစ်​ယောက်လည်း အစရှာမရဘူးလို့ T-T တစ်​နေ့တစ်​နေ့ P​ပေါင်ကို သူလိုက်ကပ်​နေတာ​တွေ မြင်ချင်လှပြီ]
 
[ဒီက ငို​နေတဲ့တစ်​ယောက်က Pineပရိသတ်ပါ။ ဒီအ​ခြေအ​နေ​တွေအရဆို ငါ့​ယောကျာ်းကို ပြန်မြင်ရဖို့ အနည်းဆုံး တစ်လ​လောက်​စောင့်ရဦးမယ့်ပုံ]
 
[သူတို့​တွေနား​နေကြတာမလား? ဖိုင်နယ်အကြိုအင်တာဗျူးမှာ Bye​ပြော​တာ​တော့ ပြိုင်ပွဲပြီးရင် သူ့မိဘ​တွေနဲ့အတူ ခရီးထွက်မလို့ဆို? သူBase​တောင်ပြန်​ရောက်ပါဦးမလား…]
 
“ဟူး…အစားများသွားပြီ။ ဒီဆိုင်ကမဆိုးဘူးပဲ…ယွီစုန့်”
 
“ကျန်းယွီစုန့်?”
 
Pineက ပြန်သတိဝင်လာပြီး ဖုန်းကြည့်​နေရာမှ ​ခေါင်း​မော့လာကာ သူ့သူငယ်ချင်းကို လှမ်းကြည့်လိုက်သည်။
 
သူ့သူငယ်ချင်း​ဟောင်း​တွေ သူ့ကို ညစာအတူစားဖို့ လှမ်းဖိတ်သည့်​​နေ့တွင်မှ သူက သူ့အိမ်က​နေ ရှန်ဟိုင်းကို ပြန်​ရောက်လာခြင်းဖြစ်သည်။
 
“ငါတို့​တွေဘားကိုသွားကြဦးမှာ မင်း​ရောလိုက်ချင်လား?” သူငယ်ချင်းက သူ့ပုခုံးကိုပုတ်လိုက်ပြီး “Maskတပ်ထားရင် မင်းကို မမှတ်မိပါဘူး”
 
Pineက လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်လျက် စီးကရက်တစ်လိပ်ကို နှုတ်ခမ်းတွင်ခဲထားသည်။ သူငြင်း​တော့မည့်အချိန် ရုတ်တရက် သူ့ဖုန်းက အသံထမြည်လာသည်။
 
ဖုန်း​ခေါ်သူကို တစ်ချက်ကြည့်လိုက်ပြီး​နောက် သူက ​စီးကရက်ကိုဖယ်လိုက်ကာ ဖုန်း​​ဖြေလိုက်သည်။
 
ရင်းနှီးကျွမ်းဝင်​နေသည့် ​​ကြွပ်ဆတ်ဆတ်အသံက ငြိမ်သက်​နေ​သောညတာကို ထိုး​​ဖောက်ထွက်​ပေါ်လာ၏။ “ဝူးဝူးဝူးဝူး P​ပေါင်--မြန်မြန်​လေး ငါ့ကိုပြန်လာ​ရွေးပါဦး!!!”
 
တစ်ညလုံး စကားသိပ်မ​ပြောသလို မျက်နှာအမူအရာ ​ပြောင်းလဲခြင်းမရှိသည့် လူက ထိုအခိုက် မျက်ခုံးပင့်မိသွားသည်။ သူက ချက်ချင်း ပြန်ချလိုက်သည်ဆို​ပေမယ့် သူ့သူငယ်ချင်းမှာ​တော့ ည​မှောင်​မှောင်ထဲ ​ပေါက်ကရ​တွေမြင်​နေသည်ဟုပင် ထင်မိသွားသည်။
 
Pineက ပါးစပ်အပြည့်​​ဆေးလိပ်​ငွေ​တွေကို ရှုထုတ်လိုက်ပြီး ​မေးလိုက်သည်။ “မင်းဘယ်မှာလဲ?”
 
​ရှောင်ပိုင်က ကတ်ပစ်​နေရင်း ရပ်သွားပြီး “မာ​ကျောက်နဲ့ပိုကာကစားတဲ့​နေရာမှာ လိပ်စာပို့​ပေးလိုက်မယ်”
 
“ဘယ်သူ​တွေရှိ​သေးလဲ”
 
​ရှောင်ပိုင် : “ငါ ကျန်းရုန် XIU ငါ့​ကော”
 
Pineက စက္ကန့်ပိုင်း​လောက် ရပ်တန့်သွားသည်။ “စိတ်တူကိုယ်တူညီအစ်ကို​တွေက ပိုက်ဆံ​ဝေလည်း အတူတူပဲလား?”
 
“​သောက်​ရေးမပါတာ ငါကကံဆိုး​နေရုံပဲ ငါ့ကတ်တိုင်းက မ​ကောင်းတာ​တွေချည်း…” ​ရှောင်ပိုင်က ကတ်ကိုပစ်လိုက်ရင်း ​စောဒကတက်​နေသည်။ “ငါ့​ကောကဝင်မ​ဆော့ဘူး ဒါ​ပေမယ့် ငါ့ကတ်​တွေကိုခိုးကြည့်ပြီး ကျန်းရုန်ကို သွားသွား​ပြောပြ​နေတယ်!”
 
လု​ပေါ်ယွမ်ကြားသွား​တော့ သူက ကျန်းရုန်​နောက်မှာ သူ့ထိုင်​နေသည့်​နေရာက​နေ ရယ်​နေ​လေသည်။ “ဘယ်သူ့ကိုအပုတ်ချ​နေတာလဲ? ငါတကယ်​ချောင်းကြည့်ရင်​တောင် မင်းကတ်​တွေကိုမဟုတ်ဘူး မင်းစ​ကေး​လေးနဲ့…မင်းတို့နှစ်​ယောက်​ပေါင်း XIUကိုရှုံး​နေတာ ဘယ်​လောက်ရှိသွားပြီလဲ? အိတ်ထဲ​ရောပိုက်ဆံကျန်ကြသေးလား?”
 
ကျန်းရုန်က​တော့ သူ့လက်ထဲကကတ်​တွေကို တင်းတင်းဆုပ်လျက် သူ့မှာရှိ​နေသည့် ကတ်အစုတ်ပလုတ်​တွေ​ကြောင့် ​ခေါင်းကိုက်သည်အထိ ​စိတ်ဆိုးမာန်ဆိုး ဖြစ်​နေ​လေသည်။ “ရှုံး​တော့ဘာဖြစ်လဲ ကျွန်​တော့်မှာပိုက်ဆံရှိတယ်”
 
XIUက ​အော်ရယ်လိုက်ပြီး ​ရှောင်ပိုင်၏ဖုန်းဆီ လှမ်း​အော်​ပြောလာသည်။ “ဒီမှာ မွဲ​တေ​နေတာ မင်းရဲ့Support​လေးတစ်​ယောက်ပဲ ကျန်​တော့တယ်ကွ။ သူ့အိတ်ထဲ အ​ကြွေ​စေ့​တောင်မကျန်​တော့ဘူး ငါ့ဆီမှာလည်း ၂၈ယွမ်အ​ကြွေးတင်​နေ​သေးတယ်။ မြန်မြန်လာပြီး သူ့အတွက် အ​ကြွေးလာဆပ်ဦး။ ​ငွေသားပဲလက်ခံတယ်​နော်”
 
ကျွမ်းရိပိုင်ကိုပြန်သွား​​ခေါ်ဖို့ရာ မာ​ကျောက်နှင့်ပိုကာဆိုင်ဆီ Pine​ရောက်သွားသည့်အချိန် ကျွမ်းရိပိုင်၏အ​ကြွေးက ၈၁ယွမ်နှင့် ပြား၄၀အထိ မြင့်တက်​နေ​ချေပြီ။
 
Pineက တံခါးဆွဲဖွင့်လိုက်သည့်ခဏ တစ်စုံတစ်​ယောက်က သူ့ဆီ ပစ်ဝင်လာပြီး စိမ်းသက်မ​နေသည့် နှစ်လိုဖွယ် အဝတ်​လျှော်ဆပ်ပြာရနံ့က သူ့နှာ​ခေါင်းထဲ တိုး​ဝှေ့လာသည်။
 
​ရှောင်ပိုင်က Pine၏လည်ပင်းကို သူ့လက်​မောင်းတစ်ဖက်နှင့် ချိတ်တွယ်လာခြင်း။ သူတို့နှစ်​ယောက်ကြားရှိ အကွာအ​ဝေးက အလိုလို ​လျော့ကျသွားလျက် Pineသာ ငုံ့ကြည့်လိုက်ပါက ​ရှောင်ပိုင်၏မျက်​တောင်​တွေကို မြင်​နေရသည့် အ​နေအထား။
 
ကျွမ်းရိပိုင်၏မျက်​တောင်​တွေက ရှည်လျားသည့်အပြင် ထူထဲသည်​ကြောင့် ပရိသတ်အများစုက ‘သမိုင်းဝင်မျက်​တောင်များ’ ဟု ​ခေါ်တတ်ကြ​သေးသည်။
 
​ငွေ​ကြေး​ထောက်ပံ့သူ​ရောက်လာ​တော့ ​ရှောင်ပိုင်က ရင်​ကော့လျက် XIUဆီ ပြန်လှည့်ကြည့်လိုက်ပြီး “လာလာလာ ကျွန်​တော့်​ပေါင်​ပေ့​လေး​ရောက်လာပြီ ဘယ်​လောက်အ​ကြွေးတင်​နေတာလဲ? ထုတ်သာ​ပြောလိုက်!”
 
XIU : “ကွက်တိပဲထား​ပေးလိုက်မယ် ယွမ်၈၀”
 
Pineက အကြည့်ပြန်လွှဲလိုက်ပြီး ပိုက်ဆံအိတ်ကိုထုတ်ကာ တစ်ရာတန်ကိုရှာလိုက်သည်။ “အ​ကြွေပြန်အမ်းစရာမလိုဘူး”
 
XIUက အားရဝမ်းသာ ဟီးဟီးဟားဟား လုပ်လိုက်ပြီး “​ကျေးဇူးပါ ​သူ​ဌေး!”
 
သူတို့​တွေ ဆိုင်ထဲမှထွက်လာကြပြီး​နောက် XIUက တက္ကဆီ​ခေါ်ကာ တစ်​ယောက်တည်း ပြန်သွားသည်။
 
အချိန်က ဒီဇင်ဘာလအ​စောပိုင်းဖြစ်ရာ ရှန်ဟိုင်းမြို့၏ညချမ်း​လေက အရိုးစိမ့်မတတ် ချမ်းလွန်းလှသည်။
 
အ​နွေးထည်ထူထူကြီးနှင့် ​ရှောင်ပိုင်က သူ့လက်​မောင်းကို Pine၏လက်​မောင်း​ပေါ် ထပ်လိုက်ပြီး လု​ပေါ်ယွမ်ကို ​မေးလာသည်။ “​ကော ကားဘယ်မှာရပ်ထားတာလဲ?”
 
လု​ပေါ်ယွမ် : “မင်းတို့ တက္ကဆီငှားပြီး အရင်ပြန်နှင့်လိုက်ပါလား”
 
ထိုစကား​ကြောင့် ​ခေါင်းငုံ့ကာ လု​ပေါ်ယွမ်၏အ​မေဆီ စာပြန်​​နေသည့် ကျန်းရုန်တစ်​ယောက် မသိမသာ ​ခေါင်း​မော့လာသည်။ ပြီး​နောက် သူက လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲ ထည့်လိုက်သည်။
 
​ချက်ချင်း ​ရှောင်ပိုင်က နားလည်သ​​ဘော​ပေါက်စွာဖြင့် မျက်ခုံးပင့်သွား၏။ “ဒါဆို…​​​ကောတို့နှစ်​ယောက် သာယာတဲ့ညချမ်း​လေး ပိုင်ဆိုင်ဖို့ ​မျှော်လင့်ပါတယ်​နော်”
 
ကျန်းရုန် : “…လစ်”
 
​ရှောင်ပိုင်က ပုခုံးချင်းယှဥ်ကာ ​လျှောက်ထွက်သွားကြသည့် သူတို့အသင်းမှ Junglerနှင့် Mid Lanerအား ကြည့်​နေလိုက်သည်။ သူက ပါးစပ်ထဲမှ အဖြူ​ရောင်အ​ငွေ့​တွေကို မှုတ်ထုတ်လိုက်ပြီး​နောက် ​ခေါင်းပြန်လှည့်လာ​တော့ Appတစ်ခုတွင် တက္ကစီ​ခေါ်​နေသည့် Pineကို ​တွေ့လိုက်ရသည်။ ခပ်မြန်မြန် သူလက်လှမ်းကာ Pine၏ဖုန်းထဲမှ တန်းစီထားသည့်​နေရာကို ဖျက်ပစ်လိုက်စဥ် သူတို့နှစ်​ယောက်၏လက်​တွေက ခဏ​လောက် ထိမိသွားကြသည်။
 
Pineက ​ရှောင်ပိုင်ကို စိတ်ကြိုက်လုပ်ခွင့် ​ပေးထားပြီး သူက လှည့်သာ ​မေးလာသည်။ “ဘာဖြစ်လို့လဲ?”
 
“ခဏ​​နေမှ ပြန်ကြရင်​ရော?’ ​ရှောင်ပိုင်က သူ့ဗိုက်ကိုပွတ်လိုက်ပြီး “ငါဗိုက်ဆာ​နေလို့”
 
Pineက မျက်​မှောင်ကျုံ့သွားပြီး “ခုဏကတုန်းကဆိုင်မှာ ဘာမှစားစရာမရှိဘူးလား?”
 
“ရှိပါတယ်” ​ရှောင်ပိုင်က ပွစိပွစိ ​​ရေရွတ်လာသည်။ “ဒါ​ပေမယ့် ကစားတဲ့​နေရာမှာ အရမ်းအာရုံ​ရောက်သွား​တော့ တစ်လုတ်နှစ်လုတ်ပဲ စားလိုက်မိတယ်။ ပြီး​တော့ အဲ့ဆိုင်က စားလို့လည်းမ​ကောင်းဘူး​လေ။ မင်း​ရောဗိုက်ဆာ​နေလား…​သြော် ​မေ့သွားတယ် ဒီည မင်းသူငယ်ချင်း​တွေနဲ့ အပြင်ထွက်စားထားတာမလား…ဒါဆို ပြန်ပဲပြန်ကြတာ​ပေါ့။ ပြန်​ရောက်​တော့မှ ​အော်ဒါမှာစားလိုက်မယ်”
 
​ရှောင်ပိုင်က ​ပြော​နေရင်းဖြင့် Pine၏ဖုန်းဆီ လက်လှမ်းလာပြန်သည်။
 
အခုတစ်ခါ​တော့ Pineက သူ့လက်ကိုဖမ်းချုပ်လိုက်ပြီး ​နေရာ​​ရွှေ့သွားသည်။
 
Pineက Appထဲမှထွက်လိုက်ပြီး ​ပြောလာသည်။ “ဘာစားချင်တာလဲ”
 
​ရှောင်ပိုင် : “မင်းစားပြီးပြီမဟုတ်ဘူးလား?”
 
“ဗိုက်မပြည့်​သေးဘူး”
 
​ရှောင်ပိုင်၏မျက်ဝန်း​တွေက လခြမ်းသဖွယ် ​ကွေးညွတ်သွား​တော့သည်။ “ဒါဆို ဒီကိုကိုက ဟိုဘက်လမ်းက ဂျပန်စား​သောက်ဆိုင်မှာ လိုက်​ကျွေးမယ်! အရမ်းအရသာရှိတာ​နော်!”
 
Pineက သူ့ကို ဒီအတိုင်း ဆက်ကြည့်​နေပြီးမှ ပြန်​ပြောလာသည်။ “ငါ့ဖင်ကို ကိုကိုလား မင်းအသက်ဘယ်​လောက်ရှိပြီလဲ?”
 
​ရှောင်ပိုင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်​ပြော၏။ “ငါ့အသက်ဘယ်​လောက်ဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းထက် ငါက ၂နှစ်ကြီး​နေဦးမှာပဲ”
 
Pineက ရယ်လိုက်ပြီး လှည့်ထွက်လာလိုက်သည်။ လူကူးမျဥ်းကြားဆီ သူ​လျှောက်သွား​​တော့မည့်အချိန် သူ့ညာဘက်လက်က ဖမ်းဆွဲခံလိုက်ရသည်။
 
​ရှောင်ပိုင်က သူ့လက်ကို အ​တော်ကြာ​အောင် အိတ်ထဲထည့်ထားသည်မို့ သူ့လက်က Pine၏လက်ကိုထိသွားသည့်အခါ ​အ​နွေးဓါတ်ကို ခံစားရ​စေသည်။
 
Pineဘက်က ပြန်မတုံ့ပြန်နိုင်​သေးခင် ​ရှောင်ပိုင်က လက်ကိုယှက်နွယ်လိုက်ပြီး Pine၏လက်ကိုပါ သူ့အိတ်ကပ်ထဲ ထည့်ထားလိုက်သည်။
 
“ခုဏတည်းက​ပြောချင်​နေတာ--မင်းလက်​တွေ ဘာလို့အရမ်း​အေး​နေတာလဲ?” ​ရှောင်ပိုင်က သူ့လက်​ချောင်း​တွေနှင့် Pine၏လက်ဖမိုးကို ပွတ်သပ်လိုက်ပြီး “မင်းလိုလူငယ်​လေးက ကိုယ်တွင်းအပူချိန်မြင့်သင့်တာ မဟုတ်ဘူးလား?”
 
Pine၏လည်​ချောင်းက လှုပ်ခတ်သွားသည်။ လမ်းမီး​ရောင်​တွေ​အောက်တွင် ခက်ထန်သည့် သူ့မျက်နှာသွင်ပြင်က အနည်းငယ် နူးညံ့သွားသ​ယောင်။ ညင်ညင်သာသာ သူ့လက်ကို ပြန်ဆွဲထုတ်ကြည့်​ပေမယ့် ​အောင်မြင်မှုမရခဲ့​။
 
​ရှောင်ပိုင်က မီးပွိုင့်ကို ကြည့်လိုက်ပြီး​နောက် “အာ”ဟု အသံထွက်လာကာ Pineကို ဆွဲ​ခေါ်သွားသည်။ “မြန်မြန် မီးစိမ်း​နေပြီ!”
 
ဂျပန်စား​သောက်ဆိုင်ထဲမှာ အပူ​ပေးစက်ဖွင့်​ပေးထားသည်ဖြစ်ရာ သူတို့နှစ်​ယောက်လုံး အ​နွေးထည်​တွေကိုချွတ်ကာ သီးသန့်ခန်းထဲရှိ ဗီဒိုထဲတွင် ချိတ်ထားကြသည်။
 
​ရှောင်ပိုင်က ကြမ်းပြင်​ပေါ်တွင် တင်ပျဥ်​ခွေလျက် ထိုင်​နေသည်။ ဆာရှီမီတစ်ခုကို မြိုချပြီး​တော့မှ သူ့ပုံစံက အပြည့်အဝ အသက်ပြန်ရှင်လာပုံရသည်။ “ဘာဖြစ်လို့ ဒီတစ်​ခေါက် ခဏပဲ အိမ်ပြန်တာလဲ?”
 
Pineက သူ့​လက်ဖက်ရည်ကို တစ်ငုံ​သောက်လိုက်ပြီး တည်တည်ငြိမ်ငြိမ်သာ ​ပြောပြလာသည်။ “မင်းစိတ်အ​​နှောင့်အယှက်​ပေးလွန်းလို့”
 
သူ အိမ်ကို သုံးရက်ပြန်ဖြစ်သည်။ ထိုကာလအတွင်း ကျွမ်းရိပိုင်က တစ်​နေ့ကို သုံးကြိမ်တိတိ ဖုန်းဆက်တတ်သည်။ မနက်ခင်းတွင် အိပ်ရာထပြီလားဟု ဖုန်းဆက်​ကာ ​နေ့ခင်းဘက်တွင် ​နေ့လည်စာစားပြီးပြီလားဟု ဖုန်းဆက်ပြန်သလို ညဘက်တွင်လည်း ဂိမ်း​ဆော့ဖို့အချိန်ရှိလား ဖုန်းဆက်​မေးပြန်သည်။
 
သို့ဖြစ်ရာ မ​နေ့ညက သူ့မိဘ​တွေကို သူတို့​မွေးရပ်​မြေယူနန်ဆီ ​လေယာဥ်တင်​​ပေးပြီးသည်နှင့် သူ့အတွက် ရှန်ဟိုင်းသို့ ​လက်မှတ်ဝယ်ကာ ပြန်လာလိုက်​တော့သည်။
 
“ငါအ​နှောင့်အယှက်​ပေးလို့ မင်းပြန်လာတယ်ဆိုတာသာ ငါ​စော​စောသိရင် တစ်​နေ့ကို ခုနစ်ခါ​လောက် ဖုန်းဆက်ပါတယ်။ ငါတစ်​ယောက်တည်း Baseမှာ​နေရတာ ပျင်း​သေ​တော့မလို့။ ငါ့မိဘ​တွေကလည်း အရမ်းလွန်တာပဲ ဒီလိုအဖိုးတန်အမျိုးမှန်သား​လေးကို​တော့ သူတို့နဲ့​ခေါ်မသွားဘဲ အာကျယ်အာကျယ် အသက်ကြီးကြီး ခရီးသွားအုပ်စုနဲ့ သွားကြတယ်တဲ့…အဟွတ် အဟွတ် အဟွတ်…​သေစမ်း…”
 
​ရှောင်ပိုင်တစ်​ယောက် စကားမဆုံး​သေးခင် ဝါဆာဘီ​ကြောင့် မညှာမတာ သီးသွားကာ သူ့လက်ဖမိုးနှင့် ပါးစပ်ကိုကာလျက် အပြင်းအထန် ​ချောင်းဆိုး​နေရင်း ခပ်မြန်မြန် ခွက်ထဲသို့ လက်ဖက်ရည်​တွေ ငှဲ့ပြီး​တော့မှ လက်ဖက်ရည်အိုးထဲရှိ ​ရေ​တွေက ​သောက်မရ​အောင်ပူ​နေမှန်း သိလိုက်ရသည်။
 
သူ အလိုလို Pineဆီ လက်ဖြန့်ပြမိ​တော့ ​အေး​နေပြီဖြစ်သည့် လက်ဖက်ရည်တစ်ခွက်က သူ့လက်ထဲ ​ရောက်ရှိလာသည်။
 
Pineက ​​ရှောင်ပိုင့်ကို တစ်စုံတစ်ခု သတိ​ပေး​တော့မည်အပြု သူ့မျက်နှာချင်းဆိုင်မှ ​ရှောင်ပိုင်က ခွက်၏မည်းနက်ကာ စိုစွတ်​နေ​သော​နေရာကို ပါးစပ်နှင့်ထိလိုက်ကာ လက်ဖက်ရည်အားလုံးကို တစ်ကျိုက်တည်း ​မော့ချပစ်လိုက်သည်။
 
​​ချောင်းဆိုးလိုက်ရသဖြင့် ​ရှောင်ပိုင့်မျက်လုံး​တွေက နီရဲ​နေသည်။ ပြန်အဆင်​ပြေသွားသည်နှင့် သူက ​ခေါင်း​မော့ကာ မျက်ရည်ဝဲဝဲဖြင့် တိုင်တန်းလာသည်။ “P​ပေါင် ဒီဆိုင်က LoLရဲ့ကမ္ဘာ့ဖလားချန်ပီယံကို အဆုံးစီရင်ချင်​နေတယ်”
 
Pine : “.”
 
Pineက ခွက်ထဲ လက်ဖက်ရည်ကို ထပ်ဖြည့်လိုက်ပြန်သည်။ “မင်းကအရူးလား? စားတာ​တောင် လမ်း​ကြောင်းလွဲ​ပြီး မြိုချရ​အောင်?”
 
“မင်းရဲ့အဖိုးတန်Support​လေးကို ဒီလိုမျိုး​ပြောသင့်တယ်ထင်လား?” ​ရှောင်ပိုင်က ခွက်ပြန်​ပေးလိုက်ပြီး “ဘာလို့ဘာမှမစားတာလဲ?”
 
ဗိုက်ပြည့်​နေပြီ​မလို့လေ။
 
Pineက သူတို့နှစ်​ယောက်​ရှေ့မှ ဆာရှီမီပန်းကန်ကို  အ​တော်ကြာကြာ ကြည့်​နေပြီးမှ တူကိုလှုပ်ရှားလိုက်ကာ အ​သေးဆုံးတစ်ဖတ်ကို ​ကောက်ယူလိုက်သည်။
 
​ကျေနပ်စွာဖြင့် ​ရှောင်ပိုင်က အဝကြိတ်​တော့မည့်အချိန် စားပွဲ​ပေါ်ရှိ သူ့ဖုန်းက ထမြည်ပြန်သည်။
 
​ရှောင်ပိုင်က ​ခေါ်ဆိုသူနာမည်ကို တစ်ချက်ကြည့်လိုက်ပြီး​နောက် ဖုန်းကိုင်လိုက်ကာ စပီကာပါ ဖွင့်ထားလိုက်သည်။
 
“မား”
 
မာမားကျွမ်းက ​မေးလာသည်။ “အခုဘာလုပ်​နေလဲ?”
 
“ညစာစား​နေတယ်”
 
မာမားကျွမ်းက “အိုက်ယိုး”ဟု အသံထွက်လာပြီး “ပြန်လာမှဆက်စား သား မြန်မြန်​လေး ​လေယာဥ်ကွင်းဆီ သွားမှရမယ်”
 
​ရှောင်ပိုင် : “မား ဘာ​​ကောင်ကြီးနဲ့ယှဥ်ယှဥ် အစားအ​သောက်က အ​ရေးအကြီးဆုံးပဲ…”
 
“​ပေါက်ကရ​တွေမ​ပြောစမ်းနဲ့” မာမားကျွမ်းက ​ပြောလာ၏။ “​ကောင်မ​လေးရဲ့​လေယာဥ်က ရှန်ဟိုင်းမှာ ဆိုက်​​တော့မှာ။ အခုသွားရင် အချိန်မှီ​သေးတယ်!”
 
Pineက ဝါး​နေရာမှ အရှိန်​လျော့သွားသည်။
 
​ရှောင်ပိုင်သည်လည်း လန့်ဖျန့်သွားပြီး “ဘာကြီး?”
 
“မား​ပြောတာ နှစ်သစ်ကူးတုန်းက မားတို့မိတ်ဆက်​ပေးထားတဲ့ ဦး​လေးလီရဲ့သမီး​လေ--”
 
“အဲဒီဘလိုင်းဒိတ်လား?” ​ရှောင်ပိုင်က မျက်​မှောင်ကျုံ့သွားပြီး “မား သားနဲ့သူနဲ့ Wechatမှာ အားလုံး​ပြောပြီးသား။ သားတို့နှစ်​ယောက်က မသင့်​တော်ဘူး…”
 
“Wechatက​နေ ဘာများ​​ပြောလို့ရမှာလဲ?” မာမားကျွမ်းက ရာဇသံထုတ်လာသည်။ “ဘာပဲဖြစ်ဖြစ် ​သူ့ကို သားသွားကြိုမယ်လို့ ဦး​လေးလီကို ​ပြောပြီးသွားပြီ။ သားမသွားရင် ​ကောင်မ​လေးက အဲဒီအတိုင်းပဲ တစ်​ယောက်တည်း ထိုင်​​​စောင့်​နေရ​တော့မှာ”
 
ဖုန်းကျသွားသည့်​နောက် ​ရှောင်ပိုင်မှာ စိတ်ညစ်ညစ်နှင့် သက်ပြင်းချလိုက်မိသည်။
 
“ဘလိုင်းဒိတ်လား?”
 
​ရှောင်ပိုင်က ​ခေါင်း​မော့လာ​တော့ Pine၏မျက်ဝန်း​တွေနှင့် သွားဆုံသည်။ “အာ…မင်းကိုမ​ပြောပြရ​သေးဘူးလား?
 
“ငါ့မားကို လမ်း​ပေါ်က​အောင်သွယ်​တော်​တွေ ဘာ​ပြောလိုက်လဲမသိဘူး နှစ်အစကတည်းက အတင်းဘလိုင်းဒိတ်သွားခိုင်း​နေတာ…​ကောင်မ​လေးက​တော့ ​ပြောရဆိုရလွယ်ပါတယ်။ အချိန်တစ်ခုအထိ ချစ်သူမထားချင်​သေးဘူးလို့ ငါ​ပြောလိုက်တာနဲ့ ငါ့ကိုထပ်လာမရှာ​တော့ဘူး ဒီ​လောက်နဲ့ပြီးသွားပြီထင်တာ…”
 
Pineက မရည်ရွယ်ပါဘဲ ခွက်ကို သူ့လက်​ချောင်း​တွေနှင့် ထိလိုက်သည်။ “ဘယ်လိုပုံစံလဲ”
 
“မမြင်ဖူး​သေးဘူး Wechatမှာလည်း Momentကို ငါကြည့်လို့ရ​အောင် ဖွင့်မထားဘူး​​လေ။ မားက​​တော့ သူ့ဓါတ်ပုံနှစ်ပုံသုံးပုံပြဖူးတယ် ​တော်​တော်​လေးလှပါတယ်” ​ရှောင်ပိုင်က ​ခေါင်းတစ်ခါခါနှင့် သက်ပြင်းချလိုက်၏။ “ကံမ​ကောင်းစွာနဲ့ပဲ အဲဒီအချိန်တုန်းက ​နောက်အနှစ်၃၀​လောက်အထိ LPLမှာပဲ ဆက်ရှိ​နေဖို့ အစီအစဥ်ဆွဲ​နေတာ…”

||Complete|| I Can Do It [MM Translation]Where stories live. Discover now