"ဒုက္ခပါပဲ"
နုငယ် လုပ်နေကျ ကား workshop ဆီဖုန်းဆက်ရန် ဖုန်းခေါ်လည်း လိုင်းမမိ။
သူမ ကားစီးသာ စီးသော်လည်း ကားအကြောင်း သေသေချာချာ မသိ။
လူသူအသွားအလာနည်းနေသော လမ်းတစ်နေရာမှာ နုငယ် ဇောချွေးတွေ ပြန်နေပြီး စိတ်ညစ်နေသည်။
"ဟေး......တစ်ယောက်တည်းလား"
လမ်းပေါ်မှာ တစ်စီးတစ်လေ ဖြတ်သွားသောကားပေါ်က ကောင်လေးအချို့ လမ်းဘေးမှာကားတစ်စီးနှင့် ရပ်နေသော သူမ ကို ကြည့်ပြီး နှုတ်သရမ်းခဲ့ကြသေးသည်။
နာရီကြည့်လိုက်တော့ ညနေ (၄)နာရီကျော်ကျော်။
မကြာခင် မှောင်တော့မည်။
နုငယ် ပိုပိုစိတ်ညစ်လာသည်။
ထိုစဉ် နုငယ်ရှိရာကားနောက်ဆီသို့ နောက်ကားတစ်စီး ထိုးရပ်လာသည်။
ကားပေါ်မှာ ယောကျ်ားတစ်ယောက် ဆင်းလာပြီး နုငယ်ဆီ လာနေသည်။
"ညီမ....တစ်ခုခုဖြစ်နေလား မသိဘူး"
နုငယ် အသံပိုင်ရှင်ဆီ ကြည့်လိုက်သည်။
သက်လတ်ပိုင်း ဝန်းကျင် အမျိုးသားတစ်ဦး၊အသားလတ်လတ်၊ အရပ်မြင့်မြင့်ထောင်ထောင်မောင်းနဲ့။
သူ့ကိုယ်ပေါ်မှာ တန်ဖိုးကြီး အဝတ်အစားတွေတော့မဝတ်ထား။
ဖလန်ရှပ်အင်္ကျီတစ်ထည်ကို လက်တံတောင်ဆစ်ထိ ခေါက်တင်ထားပြီး ရင်ဘတ်ကြယ်သီး အပြည့်အစုံ မတပ်ထားသဖြင့် အတွင်းခံ စွပ်ကျယ်ကို မြင်နေရသည်။
အောက်ကလည်း ခပ်နွမ်းနွမ်းလုံခြည်တစ်ထည်နှင့်။
မျက်နှာက ယောကျ်ားဆန်သော မျက်နှာရှိပေမဲ့ မှုတ်ဆိပ်မွှေး၊ နှုတ်ခမ်းမွှေးတွေက သူ့မျက်နှာပေါ်မှာ အပြိုင်းအရိုင်းပေါက်နေသည်။
"ရှင်"
"ကျနော် ဘာအကူအညီပေးရမလဲခင်ဗျား"
"ကျနော် ကားစမ်းမောင်းရင်း လမ်းဘေးမှာ မိန်းမသားတစ်ယောက်တည်း ဖြစ်နေလို့ လာကြည့်ပေးတာပါ ခင်ဗျား"
"ဟုတ်ကဲ့ အစ်ကို။ ကျမကားလေ ဘာဖြစ်သွားမှန်းမသိဘဲ ထိုးရပ်သွားလို့"
"ကျနော် ကြည့်ပေးရမလား။ ကျနော် ကားကိစ္စ နည်းနည်းပါးပါး နားလည်ပါတယ် ခင်ဗျား"
"ဟုတ်လား။ အဆင်ပြေရင် ကြည့်ပေးပါလားရှင်"
"ဟုတ်ကဲ့"
ထိုအမျိုးသား နုငယ်ကားရှေ့ဖုံးကို ဖွင့်ကာ ဟိုကြည့်၊ ဒီကြည့် ၊ ဟိုကိုင်၊ ဒီကိုင်လုပ်နေသည်။
နုငယ်က လုပ်သာ လုပ်ခိုင်းနေရသည်။
စိတ်အချကြီးရယ် မဟုတ်။
"ညီမ ကားစက်ပြန်နှိုးကြည့်ကြည့်ပါလား။ ကျနော်စိတ်ထင် ရသွားပြီ ထင်တာပဲ"
"ဟုတ်လား။ ဝမ်းသာလိုက်တာရှင်"
နုငယ် ကားထဲ ဝင်ပြီး စက်နှိုးကြည့်ကြည့်သည်။
"ဝူး.....ဝူး......"
"အစ်ကိုရေ။ နှိုးလို့ရသွားပါပြီရှင်။
နုငယ် ပျော်သွားပြီး ကျေးဇူးတင်စကားပြောရန် ကားပေါ်မှ ပြန်ဆင်းလာခဲ့သည်။
"အစ်ကိုရေ။ ကျေးဇူးတင်လိုက်တာရှင်"
"ကျနော့ အတွက်အပန်းမကြီးပါဘူး ခင်ဗျား။ ကားမှာလေ ကြိုးနှစ်ချောင်းလွတ်နေလို့"
"ဒါလေးပဲ တပ်ပေးလိုက်တာပါ။ အရမ်းကြီး ခက်ခက်ခဲခဲ မဟုတ်ပါဘူး"
"ဘယ်လိုဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ရှင်"
"အစ်ကိုရေ စိတ်တော့မရှိနဲ့နော်။ ကျမ ဘယ်လောက်ပေးရမလဲ မသိဘူး။"
"ပေးစရာမလိုပါဘူးဗျာ။ နောက်ခါ ကားကိစ္စတွေရှိရင် ဒီကတ်လေးကိုသာ သတိးလိုက်ပါခင်ဗျား"
ပြောပြောဆိုဆို သူ့ပိုက်ဆံအိတ်ထဲက လိပ်စာကတ်လေး နုငယ်ဆီလှမ်းပေးလိုက်သည်။
"Paradise
Car centre
Address......................"
"ဟုတ်ကဲ့။ ဒါနဲ့ ကျမနာမည် "နုနုငယ်" ပါရှင်။ တွေ့ရတာ ဝမ်းသာပါတယ်"
"ကျနော့ နာမည်က "သက်ငြိမ်" ပါ။ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျား"
နုငယ်နဲ့ သက်ငြိမ် လက်ဆွဲနှုတ်ဆက်လိုက်သည်။
ကိုသက်ငြိမ် ရဲ့ လက်ဖဝါးတွေက ကြမ်းရှပြီး အားပါလှသည်။
"ဟုတ်ကဲ့။ ဒါဆို ကျမ သွားစရာရှိသေးလို့ သွားလိုက်ပါအုံးမယ်"
"ဟုတ်ကဲ့ပါ ခင်ဗျား"
နုငယ် ကားမောင်းက သူမ ဦးတည်ရာဆီ ထွက်လာခဲ့သည်။
အမှတ်မထင်တွေ့ဆုံရာကနေ နောက်ကျ ထဲထဲဝင်ဝင်နဲ့ အမှတ်တရတွေ ဖြစ်လာမယ်မှန်း နုငယ်ကြိုမသိခဲ့ပါချေ။