ကိုသက်ငြိမ် နာမည်ကြီးကော်ဖီဆိုင်ရှေ့ ကားခဏရပ်လိုက်သည်။
"သမီး ဘာကော်ဖီသောက်မလဲ"
"အင်း......ဘာသောက်ရင်ကောင်းမလဲဆိုတော့......Ice Latte သောက်မယ်...ဦးဖေ"
"အင်း...ပေါင်မုန့်၊ကိတ်မုန့် တစ်ခုခုစားအုံးမလား"
"Cheese cake စားချင်တယ်..ဦးဖေ"
"အေး...ဒီမှာခဏစောင့်နေနော်...ခြေထောက်က နာနေတာဆိုတော့ အပြင်ထွက်မလာနဲ့နော်"
"ဟုတ်ကဲ့ပါ"
ကိုသက်ငြိမ် ရတီ စားချင်သည့်အတိုင်းမှာပေးလိုက်သည်။
သူ့အတွက်က Ice Americano တစ်ခွက်ဝယ်လိုက်သည်။
တအောင့်ကြာတော့မှာထားသည့်အတိုင်းရလာပြီ။
"ရော့...သမီး....စားချင်တာတွေ"
"ဝါး.....စားချင်စရာလေး....ကျေးဇူးပါ..ဦးဖေ။ ဦးဖေရော...ဘာစားမှာလဲ"
ကိုသက်ငြိမ် သူ့လက်ထဲက ကော်ဖီခွက်မြှောက်ပြလိုက်သည်။
"သမီး...စားနှင့်နော်...ဦးဖေ..သမီးခြေထောက်အတွက်....ဆေးဆိုင်မှာ ဆေးဝင်ဝယ်အုံးမယ်"
ပြောပြောဆိုဆိုနဲ့ ဆေးဆိုင်ရှေ့နားလိုက်သည်။
ခဏကြာတော့ ဆေးအထုတ်လေးဆွဲကာ ကိုသက်ငြိမ် ထွက်လာသည်။
ရတီခြေထောက်က အခုမှ ပိုနာလာသလိုပင်။
ဖြစ်စတုန်းက သိပ်မနာပေမဲ့ အခုမှ ပိုကိုက်လာသည်။
အိမ်ရောက်တော့ အိမ်ရှေ့တံခါးသော့ ဘယ်သူမှ လာမဖွင့်ပေးသဖြင့် ကိုသက်ငြိမ် ကားပေါ်မှဆင်းကာ သူ့ဖာသာ ဖွင့်လိုက်ရသည်။
ဆင်ဝင်အောက် ကားနားလိုက်ကာ ရတီရှိရာဖက်ခြမ်းသို့ ကားဖွင့်ပေးပြီး အိမ်ထဲသို့ ကိုသက်ငြိမ်အော်ခေါ်လိုက်သည်။
"နုငယ်ရေ....နုငယ်"
"ကြီးမေရေ....ကြီးမေ...ဒီမှာ ခဏကူပေးဗျို့"
အိမ်ထဲမှ ဘယ်သူမှ မထွက်လာကြ။
နုငယ်နဲ့ လေးညိုက အထည်တွေပို့နေသည့်ကိစ္စနဲ့ အခုထိ အိမ်မရောက်နိုင်သေး။