ကားက ကွန်ဒိုအထပ်မြင့် တစ်ခုဆီ ရောက်ရှိလာသည်။
ကားရပ်ရန် မြေအောက်ထပ်ဆီသို့ ကိုသက်ငြိမ် ဦးတည်လိုက်သည်။
"ရောက်ပြီ ညီမရေ"
"ညီမ ဒီကားထဲမှာပဲစောင့်မလား။ ကျနော့ အခန်းထဲမှာ စောင့်မလား"
"ကြာတော့ မကြာပါဘူး ခင်ဗျား။ (၁၅)မိနစ်လောက်ပဲ"
နုငယ် အပေါ်ထပ်ကို တက်လိုက်ရင်ကောင်းမလား။ မကောင်းဘူးလားလို့ တွေးရင်း ဒွိဟဖြစ်နေသည်။
သူစိမ်းယောကျ်ားသား အခန်းဆီ တက်လိုက်ဖို့ကြတော့......
"ရတယ်လေ...အစ်ကို။ ညီမ အပေါ်ထပ်ထိ တက်လိုက်ပြီး စောင့်နေလိုက်မယ်"
"လာ...သွားမယ်....ဒါဆို"
ကိုသက်ငြိမ် ဦးဆောင်ပြီး နုငယ်ကို ခေါ်လာခဲ့သည်။
ဓာတ်လှေကားစောင့်တဲ့ ဦးလေးကတော့ ကိုသက်ငြိမ်ကို မျက်မှန်းတန်းမိနေသဖြင့် ဘာမှ မပြော။
ကိုသက်ငြိမ် တိုက်ခန်းကတ်တဲ့ ဓာတ်လှေကားကို ဖွင့်လိုက်သည်။
နှိပ်လိုက်တာက No.(2)။
ခဏလေးနဲ့ရောက်သွားသည်။
အခုနောက်ပေါ် တိုက်ခန်းတွေဆိုတော့ တံခါးထိပ်မှာ ကပ်ပြပြီး ဖွင့်ရင်ဖွင့်၊ မဟုတ်ရင် လျှို့ဝှက်ဂဏန်းရိုက်ဖို့ နေရာရှိသည်။
"ဝင်လာလေ ညီမ။ ဒီမှာထိုင်.....ဘာသောက်မလဲ။ မေးသာမေးရတာ ကျနော့ အခန်းမှာက ရေနဲ့ ဘီယာဘူးပဲရှိတယ်"
"ရေပဲသောက်ပါမယ်"
ကိုသက်ငြိမ် ပြသော ဧည့်ခန်းက ဆက်တီခုံပေါ် နုငယ် ဝင်ထိုင်လိုက်ပြီး အခန်းပတ်ဝန်းကျင်ကို မျက်လုံးနဲ့ တချက်ဝေ့လိုက်သည်။
ကိုသက်ငြိမ်က လူကသာ အကြမ်းပတမ်း၊ ပစလခတ်နေသည်။
ငွေကြေးကတော့ တော်တော်ပြည့်စုံပုံရသည်။
ဧည့်ခန်းမှာ ဆက်တီအကောင်းစားတွေနဲ့။
အမှိုက်မလှည်းဘူးထင်သည်။
ဖုံတော့ နည်းနည်းရှိသည်။
"ဒီမှာရေရပြီ ညီမ။ အားတော့နာတယ်။ ကျနော့တိုက်ခန်းမှာက ဧည့်သည်လာနေကြမဟုတ်တော့လေ"