တနင်္ဂနွေနေ့
နုငယ် ဒီမနက် အစောကြီးနိုးနေသည်။
မနေ့ညနေကတည်းက ကိုသက်တို့ စားဖို့ အုန်းနို့ခေါက်ဆွဲချက်ထားတော့ ဘာမှ ထွေထွေထူးထူး ထပ်ပြင်ဆင်နေဖို့မလို။
ဒီနေ့သူမ အဝါရောင်ဖျော့ဖျော့လေး မြန်မာ ဝတ်စုံရိုးရိုးကလေးကိုသာ ဝတ်ဆင်ထားသည်။
သူမ အကုန် ပြင်ဆင် အပြီး နာရီကြည့်လိုက်တော့ မနက်(၇)နာရီ။
သမီးလေး နိုးနေပြီးလားပဲ။
နုငယ် အပေါ်ထပ်တက်ပြီး သမီးအခန်းထဲ ဝင်ကြည့်တော့ ရတီက အိပ်မက်ကမ္ဘာမှာ ရှိတုန်း။
"သမီး....သမီး.....ထတော့"
"အင်း......မေမေကလည်း ဒီနေ့ကျောင်းပိတ်ရက်ကြီးကို အစောကြီးလာနိုးနေတယ်"
"သမီးကလည်း မေ့နေတာလား။ မေမေတို့ ကိုသက်နဲ့တွေ့ဖို့ ချိန်းထားတာ ဒီနေ့လေ"
"ဟင်....အင်း....အင်း"
"အင်း....အင်း...လုပ်မနေနဲ့တော့....ထ..ထ..သမီးရေ"
ရတီ နိုးတာသေချာမှ သူမ အောက်ထပ်ပြန်ဆင်းလာခဲ့သည်။
အိမ်မှာရှိသော လေးညိုနဲ့ ကြီးမေကို သူမ အကြောင်းစုံပြောပြထားပြီးသားပင်။
နယ်မှရှိသော သူမအမေကိုပါ အကျိုးအကြောင်း ပြောပြထားပြီးသား။
အမေ ကတော့ သူမ စိတ်ချမ်းသာရင် ကြိုက်တာ လုပ်။
ငယ်တော့တဲ့အရွယ်လည်း မဟုတ်တော့သဖြင့် သူမ ကောင်းကောင်းမွန်မွန်ဆုံးဖြတ်နိုင်သည်ဟု သူမအမေက ယုံကြည်ထားသည်။
"တီး....တောင်.....တီး.....တောင်"
ဟော.....အိမ်ရှေ့က ဘဲလ်သီးသံကြားလိုက်သည်။
လာပြီထင်သည်။
ကိုသက်ငြိမ် ဒီနေ့ နုငယ်အိမ်လာပြီး နုငယ်မိသားစုနဲ့တွေ့ရမှာမို့လို သေချာဝတ်စားပြင်ဆင်ထားသည်။
ကော်လာကတုံး လက်ရှည်အဖြူရောက်နဲ့ ပိုးပုဆိုး ခးမ်းရောင်ဝတ်ဆင်ထားတော့ လူကြီးလူကောင်းရုပ်ထွက်နေသည်။
ကားဝပ်ရှော့မှာ စက်ပြင်နေသည့်ရုပ်နှင့် လားလားမျှ မဆိုင်။