နုငယ် အိမ်ပြန်ရောက်ကတည်းက ကိုသက်ရဲ့ အနမ်းတွေကို စိတ်ထဲ စွဲထင်နေသည်။
သူမ ယောကျ်ားသားနဲ့ အထိအတွေ့မရှိတော့တာ နှစ်တော်တော်ကြာပြီလေ။
အခုမှ ဆန့်ကျင်ဘက်လိင်ရဲ့ အထိအတွေ့ကို ပြန်ခံစားမိတော့ သူမနှလုံးသားက ပေါက်ထွက်မတတ်။
သူ့ရဲ့ ပြင်းပြတဲ့ အနမ်းကိုသာ နုငယ်စိတ်ထဲ ရစ်ဝဲနေမိတော့သည်။
ဒီနေ့တစ်နေ့လုံး အထည်ဆိုင်မှာ သူမ စိတ်နဲ့ကိုယ်နဲ့မကပ်။
"မမ နေကောင်းရဲ့လား"
"အင်း...ကောင်းပါတယ် စုရဲ့"
"မမကိုကြည့်ရတာ စိတ်နဲ့ကိုယ်နဲ့ မကပ်သလို ဖြစ်နေလို့"
"အင်း.....အင်း......ဒီလိုပါပဲ"
နုငယ် ရင်တွေခုန်ကာ အိမ်သို့ပြန်လာခဲ့သည်။
ညရောက်လို့ ရတီအားတဲ့အချိန် သမီးကို သူမ အကျိုးအကြောင်းပြောရမည်။
သားအမိနှစ်ယောက် ကြီးမေချက်ပေးထားသော ညစာစားပြီး ရတီက သရက်သီး ပန်ကန်ကို အိမ်ရှေ့ TV ရှေ့က စားပွဲမှာချရင်း TV ကြည့်ရင်း စားနေသည်။
"သမီး.....မေမေပြောစရာရှိလို့"
"ပြောလေ....မေမေ"
"ဟိုလေ....ဟို"
"မေမေကလည်း သားအမိအချင်းချင်း ဘာတွေပြောဖို့ ခက်နေတာလဲ"
"မေမေ...မှာ ချစ်သူရှိနေပြီ"
"ဟင်"
"အဲတာ သမီးနဲ့တွေ့ပေးမလို့"
ရတီ အမေဆီက မထင်မှတ်သော စကားကိုကြားလိုက်ရသဖြင့်ကြောင်သွားသည်။
သူမအမေ ရည်းစားထားတာကို မကြိုက်လို့မဟုတ်။
ဖြစ်နိုင်မယ်ဆို နောက်အိမ်ထောင်ပြုတောင်ပြုစေချင်သေးသည်။
သူမ ငယ်ငယ်ကတည်းက ကျောင်းစာတွေအပြင် အပြင်စာတွေပါတော့ အမြင်ကျယ်သည်။
နောက်အိမ်ထောင်ပြုလိုက်လို့ စိတ်ဆိုးမဲ့ သမီးထဲ ရတီ မပါဝင်ပေ။
သူ့အမေ ချစ်တဲ့သူနဲ့ ပျော်ရင် သူမလည်း ပျော်မိမှာပင်။
သို့သော် အမေက ယောကျ်ားသနအကြောင်း တခွန်းမှကို မပြောတာ အဖေဆုံးပြီးကတည်းက ဆိုတော့ ဒီအတိုင်းပဲ သူမနဲ့အတူတူနေသွားတော့မှာလို့ ထင်မိတာပသ်။