Chapter-617

5.2K 1.1K 87
                                    

//Unicode//
အပိုင်း ၆၁၇- အကူအညီ

ဤအသံအားကြားလိုက်ရ၍ လူတိုင်း
မော့ကြည့်လိုက်မိချိန်တွင် သူတို့ခေါင်းထက်မှ
ပျံသန်းသွားရန်ပြင်နေသည့် အလင်းတန်းတစ်ခုက
ရုတ်တရက်ပြန်လှည့်လာပြီး သူတို့ရှိရာသို့
ကျဆင်းလာတာကို တွေ့ရလေသည်။

သွေးစွေးနီမိသားစုနှင့်ကူမာမျိုးနွယ်စုတို့မှာ
အကြည့်ချင်းမဖလှယ်ဘဲမနေနိုင်ပေ။
မမျှော်လင့်ထားသော ဤလူ​က အခြားဘက်မှ
ဖြစ်ဖို့ပိုများသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက
'အာ့ရှစ်ရှုန်း'ဟု အကျယ်ကြီးအော်ခေါ်ခဲ့ပြီး
ဖူကျစ်လင်းကို တိုက်တိုက်ဆိုင်ဆိုင်ခေါ်နေတာတော့
မဖြစ်နိုင်ပေ။ သို့သော်လည်း ကူမာမျိုးနွယ်စုက
လူများမှာ ဖူကျစ်လင်းတွင် သရှစ်ရှုန်းတစ်ယောက်
ရှိသည်ဟု ကြားဖူးသည်။

ယူရှောင်းမို၏ပုံရိပ်က လူတိုင်းအရှေ့ကို
လျင်မြန်စွာပေါ်ထွက်လာသည်။

ထိုအခါမှ ဒါက အလွန်ငယ်သေးပုံပေါ်သည့်
လူငယ်လေးတစ်ယောက်ဖြစ်ကြောင်း သူတို့
သိရသည်။ သူက အရပ်မရှည်ပေ၊
သူ့အသားအရည်က အလွန်ဖြူဖျော့ပေမဲ့
အသေကောင်ကဲ့သို့ဖြူဖပ်နေတာမဟုတ်ပေ။
ထိုအစား ပန်းရောင်သမ်းသည့် ဖြူဝင်းသန့်ရှင်းသော
အသားအရည်မျိုးဖြစ်သည်။ သူက ကျန်းမာရေး
အလွန်ကောင်းပြီး ကောင်းမွန်စွာ
'ပျိုးထောင်'ခံထားရမှန်း တစ်ချက်ကြည့်ရုံဖြင့်
ပြောနိုင်သည်။

လူငယ်လေးက ဆင်းသက်ပြီးနောက်
လူတိုင်းရှေ့မှာပဲ ဖူကျစ်လင်းထံဝှစ်ခနဲပြေးသွားသည်။
သူက အံ့အားသင့်ဟန်ဖြင့်ခေါ်လိုက်၏။

"အာ့ရှစ်ရှုန်း ဘာလို့ဒီရောက်နေတာလဲ"

လူတိုင်း ကြောင်အမ်းသွားသည်။

တကယ်ပဲ ဖူကျစ်လင်းရဲ့ရှစ်တိပေါ့?

ကူမာမျိုးနွယ်စုက ပိုတောင်ဆိုးသေးသည်။
ဖူကျစ်လင်းနှင့်ဖန်ချန်းလဲ့တို့မှာ ရှစ်တိရှိသည်ဟု
သူတို့မကြားဖူးပေ။ သူတို့နှစ်ယောက် တုံကျိုးတွင်
သူတို့၏ပါရမီကိုပြသခဲ့ပြီးကတည်းက
ကူမာမျိုးနွယ်စုက သူတို့အကြောင်းသေသေချာချာ
လေ့လာစုံစမ်းထားသောကြောင့် သူတို့က
အလတ်ဆင့်နယ်မြေမှလာတာဖြစ်ပြီး
ထုံထျန်းတိုက်မကြီးမှာ ဆွေးမျိုးနီးစပ်မရှိကြောင်း
တွေ့ရှိထားသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now