Chapter : 96

21.9K 1.8K 348
                                    

Unicode

ထူးဆန်းသော အိပ်မက်

_________________

နတ်ရွာစံသွားလေသူ ဥတ္တရပြည့်ရှင် ခေမာမင်းကြီးထံတွင် သွေးသားရင်းချာ သားတော်ခုနှစ်ဦးနှင့် သမီးတော်တစ်ဦး ရှိကြောင်း မည်သူမဆိုသိရှိကြပါ​၏။

ထိုစုစုပေါင်းရှစ်ဦးအနက်တွင်မှ တတိယမြောက်သားတော် မင်းသားအရုဏသည် ဘီလူးနှင့်အကြောင်းပါ၍ရသောကြောင့် ဘီလူးကပြားမင်းသား ပေဟု ထူးခြားချက်ရှိလေသည်။

ထိုမင်းသားတွင် မိခင်နှင့်တူညီသော မျက်လုံးစိမ်းစိမ်းများရှိသည်။ ဖခင်ကဲ့သို့ ခန္ဓာကိုယ်ထွားကျိုင်း၍ အရပ်ရှည်သည်။ ဖခင်နှင့်လည်းမတူ၊ မိခင်နှင့်လည်း မတူသော ဆံသားကောက်ကောက်များရှိသည်။ ခန့်ညားသောရုပ်ရည်ရှိသော်လည်း မျက်နှာသွင်ပြင်မှာ ဖခင်နှင့်လည်းမတူသလို၊ မိခင်နှင့်လည်း သိပ်မတူလှချေ။

ရုပ်ရည်သွင်ပြင် မတူညီစေကာမူ မင်းသားအရုဏသည် ခေမာမင်းကြီး​၏ သွေးသားဖြစ်သော၊ တော်ဝင်ဖြစ်သော၊ တရားဝင်ဖြစ်သော သားတော်ဖြစ်သည်။ ဤသည်မှာ လူအများသိရှိထားသော၊ ယုံကြည်ထားသော အချက်တစ်ချက်သာဖြစ်​၏။

သို့ဆိုလျှင် အနှီစာအုပ်ထဲမှ စာကြောင်းက မည်သည်ကို ဆိုလိုနေသနည်း။

အရုဏ မဟာသစ်ပင်ကြီးမှ သံသေဒဇတည်၍မွေးသူ

ယုဂန်သည် ထိုစာကြောင်းကိုမြင်ပြီးချိန်တွင် အံ့အားသင့်စိတ်နှင့်အတူ လက်ထဲမှ စာအုပ်ကိုပင် လွှတ်ချမိလိုက်သည်။

သူ့ခေါင်းထဲတွင် သံသေဒဇ ဟူသောစာလုံးက ချာချာလည်နေသည်။ ထို့အတူ မဟာသစ်ပင်ကြီးဟူသော စကားလုံးကလည်း ယုဂန်​၏နှလုံးခုန်သံကို ပိုမိုမြန်ဆန်သွားစေသည်။

ယုဂန် အစက သိရှိခဲ့သောအရာမှာ အရုဏ​၏မယ်တော်သည် ရုတ္တတောင်တန်းအနားတွင်ရှိသော ဥသျှစ်ပင်ကြီး​၌ သန္ဓေတည်၍မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ထိုဥသျှစ်ပင်ကြီးသည် ဘီလူးများ​၏ မဟာဥသျှစ်ပင်မှ မျိုးပွားလာသော မဟာသစ်ပင်ငယ်တစ်ပင်ဖြစ်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now