Chapter : 147 ( က)

5.1K 599 100
                                    

Unicode

စကားဝှက်၏အဖြေ
____________

မှန်ကွဲစများက အမိုးပေါ်မှ အောက်သို့ မိုးရွာသွန်းသည့်ပမာ တဖြိုင်ဖြိုင်ရွာသွန်းကျလာနေသည်။

ယုဂန်သည် မိမိမှတ်ရမည့်စာပိုဒ်​၏နောက်ဆုံးအကြောင်းကို စိတ်ထဲမှ အမြန်ရွတ်ဖတ်နေ​၏။ သူစာကြောင်းဆုံးချိန်နှင့် တစ်ပြိုင်တည်းဆိုသလိုပင် သူတို့ရှိရာနေရာအပေါ်မှ မှန်အချပ်များ အရှိန်ဖြင့်ပြုတ်ကျလာသည်။

ယုဂန်သည် ပီယံ​၏လက်မောင်းကို အလျင်အမြန်ဆွဲယူလိုက်​၏။ ထို့ကြောင့် မှန်ကွဲစများ ပီယံ့အပေါ်ပြုတ်ကျမည့်အရေးမှ သီသီလေးလွတ်မြောက်သွားသည်။

ထို့နောက် သူတို့နှစ်ဦးသည် ချက်ချင်းဆိုသလိုပင် အပေါက်ဝရှိရာဘက်သို့ ပြေးကြသည်။

မှန်ကွဲကြေမှုက အနောက်မှ အမြန်အဆန်လိုက်လာသည်။

အပေါက်ဝကိုမြင်ရပြီ။

ဆူးချွန်ပမာထက်ရှ​သော မှန်များက သူတို့နှစ်ယောက်ရှိရာတည့်တည့်ဆီသို့ အလျင်ဖြင့်ပြုတ်ကျလာသည်။

ယုဂန်နှင့် ပီယံတို့ အပေါက်ဝဆီသို့ အမြန်ခုန်ဝင်လိုက်သည်။ ပစ်ဝင်လိုက်ခြင်းဖြစ်သောကြောင့် အပြင်ဘက်သို့ ရောက်သောအခါ နှစ်ဦးသားမှာ ကြမ်းပြင်ပေါ်သို့ ဝမ်းလျားထိုးနှင့် ပြင်းပြင်းထန်ထန်ပြုတ်ကျသွားခြင်းဖြစ်သည်။

သူတို့နှစ်ဦးအပြင်ရောက်သည်နှင့် ချက်ချင်းဆိုသလိုပင် နံရံပေါ်ရှိ မှန်ဟာလည်း ဖြန်းခနဲဆိုသလို တစ်စစီကွဲကြေသွားသည်။

ယုဂန်သည် ထိုအခါမှ အသက်ရှူရမည်ကို ပြန်လည်သတိရကာ ပီယံ့ဘက်ကိုလှည့်ကြည့်လိုက်သည်။

" ကပ်သီးလေးပဲ"

ပီယံ ခေါင်းညိတ်ပြသည်။ ထို့နောက် သူတို့နှစ်ဦးသည် အသက်ဘေးမှလွတ်မြောက်သွားသည်ကို ဝမ်းသာမိသည့်သဖြင့် ခပ်ဟဟရယ်လိုက်မိကြသည်။

ရယ်ပြီးမှ သူတို့မတ်တပ်ထရပ်ကြ​၏။

ထိုအချိန်တွင် ပတ်ဝန်းကျင်မှာ ခုနကနှင့်ခြားနားစွာ ငြိမ်သက်နေပြီး ရွဲ​၏စစ်သည်များဟာလည်း ကြမ်းပြင်ပေါ်တွင် အတုံးတုံးအရုံးရုံးနှင့် ဇာတ်သိမ်းနေပြီဖြစ်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now