Chapter : 129

8.2K 891 321
                                    

Unicode

နောက်ဆုံးသော မြို့သိမ်းတိုက်ပွဲ

___________________

နန်းဆောင်အတွင်းသို့ တပ်မှူးနှစ်ဦး အပြေးအလွှားဝင်ရောက်လာကြသည်။

ထိုသူနှစ်ဦးသည် ပဉ္စမာယာရှေ့မှောက်တွင် ဒူးထောက်လိုက်ကြပြီး မောဟိုက်သောအသံမပျောက်ခင်မှာပင် ပြိုင်တူနီးပါး လျှောက်တင်လာကြသည်။

" မယ်တော်ကြီးဖုရား၊ မင်းသားအရုဏရဲ့တပ်တွေ ဟီရမြို့တော်ဆီကို ဝန်းရံချီတက်လာကြောင်းပါ"

ထိုစကားကိုကြားလိုက်သော်လည်း ပဉ္စမာယာ​၏မျက်နှာအမူအရာ မပြောင်းလဲသွားပါချေ။ သူမသည် ဝင့်ချီသောမျက်နှာထား၊ မာန်ရဲသောအကြည့်တို့ကို ထိန်းသိမ်းထားစမြဲဖြစ်ပြီး သောက်လက်စ စံပယ်ရေနွေးကြမ်းကိုတောင် အေးဆေးစွာ သုံးဆောင်လိုက်သေး​၏။

ပြီးမှ ရေနွေးကြမ်းခွက်ကို ခုံပေါ်အသာချရင်း

" ထင်ထားတာထက် ပိုပြီးစောရောက်လာတာပဲ"

ဟု တည်ငြိမ်အေးဆေးစွာဆိုသည်။

ပဉ္စမာယာသည် အရင်ကတည်းက ခန့်မှန်းပြီးသားဖြစ်​၏။ မင်းသားအရုဏသည် အစွမ်းအစအားဖြင့် သိမ်ဖျင်းနုံချာသူမဟုတ်သောကြောင့်၊ ထို့အပြင် သူ​၏ကြင်ရာတော်ယုဂန်မှာလည်း ရှားမှရှားသော လူတော်တစ်ဦးဖြစ်သောကြောင့် သူတို့နှစ်ဦးပေါင်းသောအခါ ဟီရမြို့တော်ကို တစ်နေ့နေ့ တစ်ချိန်ချိန်၌ လာရောက်ထိပါးနိုင်ပေလိမ့်မည်။

သူမ ခန့်မှန်းချက်မမှားယွင်းပါချေ။ ထင်ထားတာထက်ပိုပြီး နည်းနည်းစောသွားတာက လွဲလို့ပေါ့။

မည်သို့ပင်ဆိုစေကာမူ သူမအတွက် စိုးရိမ်ထိတ်လန့်စရာအကြောင်းကိစ္စမရှိပါချေ။ စိုးထိတ်နေ၍လည်း ပြီးမည့်ကိစ္စမဟုတ်သဖြင့် ရင်ဆိုင်စစ်ထိုးပြီး အနိုင်ကို ရအောင်ယူရမှဖြစ်မည့်ပွဲဖြစ်သည်။

ဆင်နှင့်ကျား လယ်ပြင်မှာတွေ့မပေါ့။

​နန်းတော်ကို လာရောက်တိုက်ခိုက်ပါက အဆင်သင့်ကာကွယ်နိုင်ရန် သူမပြင်ဆင်ထားသော အရာများရှိသည်။ အရေးကြီးသောစားနပ်ရိက္ခာ၊ ဆေးဝါးမှစ၍ လက်နက်လူသူအဆုံး နန်းတွင်း၌ ပိုလျှံမတတ် အပြည့်ရှိ​၏။

The Everlasting One (volume 2 + 3 )Where stories live. Discover now