Chapter : 157

3.6K 474 39
                                    

Unicode

ပန်သျှားနှင့် ဥတ္တရပြည်သို့.....

___________

ခြောက်လခန့်ကြာသော်......

" အမတ်မင်း..."

တိုးညင်းသော ခေါ်သံကလေးနှင့်အတူ အေးစက်စက်ဖျော့တော့တော့လက်တစ်စုံ​၏ လှုပ်နှိုးမှုကြောင့် မင်းလွင် အိပ်ရာမှ လန့်နိုးလာသည်။

အခန်း​၏အမှောင်ကြောင့် မိမိအားခေါ်ဆိုသူကို သေချာမမြင်ရသည့်တိုင် ညကြီးမင်းကြီး မိမိကုတင်ဘေးရှိ သူစိမ်းပုံရိပ်ကြောင့် လန့်ဖျပ်သွားသည်မှာ အသေအချာပင်။

သို့ရာတွင် ချက်ချင်းပင် သတိကပ်မိသည်။ ထိုသူက မိမိအား အမတ်မင်းဟု ခေါ်ဆိုနေသည်။ မင်းလွင် ချက်ချင်းပင် စိတ်လှုပ်ရှားသွားမိသည်။

သူ ကုတင်ပေါ်မှ အလျင်အမြန်ထကာ အဆိုပါ သူစိမ်းကို အိပ်ရာထ,စ ဝေဝေဝါးဝါးမျက်ဝန်းများဖြင့် ကြည့်သည်။
အခန်းမီးဟာ မည်သူမှခလုတ်မနိုပ်ပါဘဲ အလိုလိုလင်းထိန်လာသည်။ အလင်းကြောင့် အရာအားလုံးကို ပြတ်ပြတ်သားသား မြင်လာရသည်။

" အရှင်သုနန္ဒာ..."

မင်းလွင် တအံ့တဩရေရွတ်မိလိုက်သည်။

သုနန္ဒာဟာ သူ​၏နဂိုပုံစံအတိုင်း တင်ပါးထိရှည်သောဆံပင်ရှည်ကြီးကို ဖြန့်ချထားကာ အရောင်နုသော ဖားဖားလျားလျား အဝတ်တို့ကို ဝတ်ဆင်ထားသည်။

သုနန္ဒာကို တွေ့လိုက်ရခြင်းက မင်းလွင်ကို မပြောပြတတ်လောက်အောင် ပျော်ရွှင်မှုကြီးဖြစ်သွားစေသည်။
မင်းလွင် ကုတင်ပေါ်မှ ပြေးဆင်းကာ သုနန္ဒာကို ပြေးဖက်မိမတတ်ပင်။

" အရှင် ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ။ ဘယ်လိုတွေဖြစ်ကုန်ပြီလဲ။ မောင်ရော...မောင်ရော....ဘယ်မှာလဲ....ဘယ်လိုလဲ...."

စိတ်လှုပ်ရှားလွန်းသဖြင့် အသံပင်ကျယ်မိ​၏။ နောက်မှ ညဘက်ကြီးတိတ်ဆိတ်နေသည်ကို သတိပြုမိကာ မင်းလွင်အသံပြန်တိုးသွားသည်။

သုနန္ဒာက နူးညံ့သော အပြုံးကလေးနှင့်တုံ့ပြန်သည်။

" ဟိုဘက်မှာ စစ်ပွဲတွေအကုန်ပြီးဆုံးသွားပါပြီ အမတ်မင်း။ မင်းယောဇာလည်း သေသွားပြီဖြစ်သလို အရှင့်ရဲ့အနစ်နာခံမှုကြောင့် တွင်းပေါက်လည်း ပြန်လည်ပိတ်ဆို့သွားပါပြီ။ နောက်ပြီး စကြဝဠာတွေ အချင်းချင်းဝင်တိုက်တော့ရန်ကနေလည်း ဝေးကွာသွားပါပြီ"

The Everlasting One (volume 2 + 3 )Where stories live. Discover now