Chapter : 147 (ခ)

5.2K 655 107
                                    

Unicode

လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော စစ်သည်ခြောက်ဦးခန့်က နန်းဆောင်ရှေ့တစ်လျှောက်တွင် အသင့်စောင့်ဆိုင်းနေကာ ယုဂန်တို့ကို တိုက်ခိုက်ရန် အသင့်ပြင်ဆင်နေသည်။

ယုဂန် ဝသန္တလေးကို ကောက်ချီလိုက်​၏။ ဝသန္တက ကြောက်လန့်နေသောကြောင့် ယုဂန်​၏လည်ပင်းကို တင်းနေအောင် ပွေ့ဖက်လာသည်။

ထိုအချိန်တွင် ယုဂန်သတိထားမိလိုက်သည်။ စစ်သည်များက ဝသန္တကို ဦးတည်နေခြင်းမဟုတ်ဘဲ ယုဂန်ကိုသာ မျက်ထောင့်နီကြီးများနှင့် စိုက်ကြည့်နေကြခြင်းဖြစ်သည်။  ယုဂန်ကသာ သူတို့​၏ပစ်မှတ် ဖြစ်ပုံရသည်။ မင်းယောဇာက ယုဂန်ကို မရမကဖမ်းဆီးခဲ့ရန် အမိန့်ပေးထားပုံရသည်။ ဝသန္တကို ယုဂန်သွားကယ်မှန်းသိသည်နှင့် ဝသန္တကို တည်ကြက်ထားကာ ယုဂန်ကို ဖမ်းဆီးရန်အကြံ ချမှတ်ခဲ့ပုံပေါ်သည်။

စစ်သည်များက ယုဂန်ရှိရာတည့်တည့်ဆီသို့ အားမန်အပြည့်နှင့် ပြေးလွှားလာကြသည်။

ကလေးကို ပစ်မှတ်ထားသည်မဟုတ်မှန်း သိလိုက်သည်မို့ ယုဂန်သည် အနီးရှိသည့် ပီယံမိတ်ဆီ ဝသန္တကို ထိုးပေးလိုက်ကာ

" ပီယံ ကလေးကိုခေါ်"

ဟု ရေးကြီးသုတ်ပျာဆိုသည်။

ပီယံ ဝသန္တကို လွှဲပြောင်းပွေ့ချီလိုက်သည်။ စစ်သည်များက ထင်ထားသည့်အတိုင်း ယုဂန်ရှိရာဘက်ကို ပိုအားစိုက်၍ တိုက်ခိုက်ကာ ယုဂန်ကို အရှင်ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြသည်။

ယုဂန်ဘက်မှ နန္ဒနှင့်ဒီပါက ကာကွယ်တိုက်ခိုက်ပေးနေ​၏။

ထိုအချိန်တွင် အကျယ်ချုပ်နန်းဆောင်မှ ထွက်ပြေးလာသော သုဒြာမှာ အိမ်ရှေ့စံနန်းဆောင်နားသို့ ရောက်ရှိလာသည်။

သူမသည် နန်းဆောင်နားရောက်ရောက်ချင်း ဖြစ်နေသော တိုက်ပွဲနှင့် တိုက်ပွဲကြားထဲမှ ဝသန္တကို ပွေ့ချီကာ တတ်နိုင်သမျှ ကာကွယ်ပေးနေသော ပီယံ့ကို တွေ့ရလေသည်။

မိခင်တစ်ဦးအနေနှင့် သူမ​၏သားတော်ကို သုဒြာအရင်ဆုံးစိုးရိမ်မိသွားသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now