Chapter : 112

10.3K 1.2K 190
                                    

Trigger Warning !!
This Chapter contains blood, violence and war.
Read at your own risk.

Unicode

ပြိုလဲခြင်း
_________________

ခြံဝင်းထဲသို့ ဝင်,ဝင်လာချင်းတွင် အိမ်တံစက်မြိတ်အောက်ရှိ လှေကားပေါ်၌ ငုပ်တုပ်လေးထိုင်နေသော ယုဂန်နိုင်ကိုတွေ့ရသည်။

ယုဂန်သည် ဒူးနှစ်ဖက်ကိုပိုက်လျက် ကိုယ်ကိုသေးသေးလေးဖြစ်အောင် ကျုံ့ယုံ့ထိုင်နေသည်။ ပိုးဖဲကြိုးနှင့် ချည်နှောင်ထားသည့်တိုင် သေချာစွာမဖြီးမသင်ထားသော သူ​၏ဆံပင်များက သူ​၏မျက်နှာနုနုကလေးဘေးတွင် ကပိုကရိုဖြာစင်းကျနေသည်။

သူသည် မိကျောင်းပုံစံကောက်ကြောင်းပြုထားသော ကနုတ်ဂဇာထွင်းအပ်သည့် လှေကားလက်ရန်းကို ခေါင်းမှီထား​၏။ သူ​၏ရှည်လျားသောမျက်တောင်ကလေးများ ပိတ်ကျ၍နေလေရာ မနက်ခင်းနေရောင်ခြည်ကြောင့် မျက်တောင်ကလေးများအောက်တွင် အရိပ်ဖျောဖျောကျလျက်ရှိသည်။

ယုဂန်သည် အိပ်ပျော်နေသည်ထင်ရသော်လည်း သေချာကြည့်ပါက တွန့်ချိုးချင်သယောင်ဖြစ်နေသော မျက်ခုံးနှစ်ဖက်သည်လည်းကောင်း၊ အစွန်းလေးနှစ်ဖက် အောက်သို့ ညွတ်ယောင်ယောင်ဖြစ်နေသော နှုတ်ခမ်းဖူးဖူးလေးသည်လည်းကောင်း အိပ်မောမကျသေးဘဲ ပူပင်သောကအချို့ကို အတွေးထဲသိမ်းဆည်းထားသည့်အကြောင်း ပြသနေသည်။

အရုဏသည် ယုဂန်​၏အရှေ့သို့ ညင်သာသောခြေလှမ်းများနှင့်သွား​၏။ သူ ယုဂန်အရှေ့တွင် မုဆိုးထိုင်,ထိုင်ချလိုက်ကာ ယုဂန်​၏ပါးပြင်ပေါ် အိကျနေသော ဆံချည်မျှင်များကို နူးညံ့စွာသပ်တင်လိုက်သည်။

" ယုဂန်"

သူ တိုးညှင်းစွာခေါ်သည်။

ယုဂန်​၏ မျက်ခွံမို့မို့လေးများလှုပ်ရွလာပြီး သူ နက်မှောင်တောက်ပသော မျက်ဝန်းများကို ခပ်မြန်မြန်ဖွင့်လာသည်။

အရုဏကို မြင်သည်နှင့် ထိုမျက်ဝန်းများက ဝိုင်းစက်ရွှန်းလဲ့သွားသည်။

" မောင် အဆင်ပြေရဲ့လား။ တစ်ခုခုထိခိုက်မိသေးလား"

စိုးရိမ်တကြီးဖြစ်နေသောအသံကလေးနှင့်အတူ အရုဏ​၏ခြောက်သွေ့နေသောပါးပြင်နှစ်ဖက်အပေါ် အေးစက်စက်ပျော့တော့တော့ လက်ဖဝါးကလေးနှစ်ဖက်က လာရောက်ထိတွေ့သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now