Chapter : 130

7.8K 914 382
                                    

Unicode

ထူးဆန်းသော ကြောင်
_________________

ပန်းခုံအုတ်တော်ဆောင်သည် သူ​၏အမည်နာမနှင့်အညီ ပန်းမျိုးစုံပွင့်လန်းရာ အပန်းဖြေအဆောင်တော်ပင်ဖြစ်​၏။

ပန်းခုံအုတ်တော်နန်းဆောင်​၏ ဖြူစင်သောကျောက်သား တိုင်လုံးများထက်ဝယ် နွယ်ပင်တို့ ရစ်ခွေကာ နွယ်ပန်းများဖူးပွင့်နေကြသည်။ ခွာညိုပန်းက နံရံမှတွယ်ကျနေ​၏။ အောင်မဲညိုက အမိုးဝယ်လွှမ်းမိုးနေကာ မျက်နှာကြက်ပေါ်မှ တွဲလျားကျသော ပန်းအိုးငယ်များတွင်လည်း အရောင်စုံသော သစ်ခွပန်းများ ဝင့်ဝင့်စွင့်စွင့်ပွင့်လန်းလျက်ရှိသည်။ ထိုမျှသာမက နှင်းဆီ၊ မြတ်လေး၊ ဇော်မွှား၊ သော်က၊ စံပယ်၊ ပုဏ္ဏရိပ်ပန်းများနှင့်တကွ အဆောင်တော်ဘေးပတ်လည်တွင်လည်း အပင်ကြီးများဖြစ်ကြသော ကုက္ကို၊ စံကားဝါ၊ စိန်ပန်း၊ ခရေ၊ တတိုင်းမွေးစသည်ဖြင့် စိမ်းစိုအုပ်မှိုင်းလျက်ရှိသည်။

အဆောင်တော်ရှေ့ဝယ် သဇင်စိုက်သော ဓနိတိုင်လုံးများ အစီအရီစိုက်ထူထားသည်။ နတ်တော်လဖြစ်သောကြောင့် ဓနိထက်ဝယ် သဇင်ပန်းများ ဖြူဖြူစွတ်စွတ်ပွင့်လန်းလျက်ရှိသည်။

ဘရဏသူသည် ထိုသို့သော ပန်းမြိုင်ဥယျာဉ်ထဲဝယ် သလွန်ညောင်စောင်းထက် စိတ်လွတ်လက်လွတ် ခြေဆန့်ထိုင်ရင်း သေရည်တမြမြသောက်သုံးနေသည်။ သူသည် တစ်ကိုယ်တည်း စိတ်အေးလက်အေးနေချင်သည်မို့ ရံ​ရွေတော်များကအစ နန်းဆောင်အပြင်ဘက်တွင် ရပ်စောင့်ကြရန် အမိန့်ပေးထားခဲ့သည်။ 

သူသည် သေရည်တစ်ပုလင်းကုန်အောင် သောက်ပြီးနောက် ငိုက်မြည်းလာသည်မို့ တရေးတမောအိပ်ရန် စဉ်းစားမိလိုက်သည်။ ထိုအချိန်ဝယ် အဆောင်တွင်းသို့ ဝင်လာသော ယောက်ျားသဏ္ဌာန် လူရိပ်ကို တွေ့လိုက်ရသည်။

လူပျိုတော်တစ်ဦး တက်ရောက်လာသည်ဟုထင်မှတ်လိုက်သဖြင့် ဘရဏသူသည်

" ဘာလာလုပ်တာလဲ။ ငါ အဆောင်ထဲ ဘယ်သူ့မှမဝင်လာဖို့ အမိန့်ပေးထားတယ်မဟုတ်လား"

ဟု အော်ငေါက်လိုက်သည်။

သို့ရာတွင် ယင်းလူက ရပ်တန့်သွားခြင်းမရှိ။ ဓနိတိုင်လုံးများကြား အေးဆေးစွာလမ်းလျှောက်လာပြီး ဘရဏသူ လဲလျောင်းရာ ညောင်စောင်းရှေ့သို့ တည့်တည့် ရောက်လာသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now