Chapter : 143

8.5K 897 314
                                    

Unicode

မင်းယောဇာကို တိုက်ခိုက်ရန် ပြင်ဆင်ခြင်း

__________________

လေပြည်ညင်းက အသာသော့သောအခါဝယ် ယုဂန်၏နဖူးစပ်မှ ဆံနွယ်ကလေးများ လှုပ်ရှားနွဲ့ယိမ်းသွားလေသည်။

ယုဂန်သည် သူ့အားချီပိုးထားသော မောင့်ကို ပိုမိုတင်းကျပ်စွာပွေ့ဖက်လိုက်၏။ မောင့်ခါးထက်တွင် ချိတ်ထားသော သူ၏ခြေထောက်များဟာ ပျော်ရွှင်မှုကြောင့် ကလေးတစ်ယောက်နှယ် လှုပ်ခါနေသည်။ သူဟာ အသက် ၃၀ နားနီးပြီဖြစ်သော သူတစ်ဦးဖြစ်သော်လည်း မောင့်နောက်ကျောတွင် ကုန်းပိုးခံထားရသောအခါမူ မိမိကိုယ်ကို ဆယ်ကျော်သက်လေးတစ်ယောက်နှယ် ခံစားနေရသည်။

သို့ပါ၍ သူသည် မောင့်လည်ပင်းကိုဖက်ရင်း မောင့်နားရွက်ကို လှမ်းနမ်းလိုက်သည်။ ထိုအခါ မောင့်ထံမှ ရယ်သံဖျဖျလေးကို ကြားလိုက်ရသည်။

ယုဂန်ပြုံးလိုက်မိသည်။ သို့ရာတွင် တစ်ချိန်တည်းမှာတင် တစ်စုံတစ်ရာစဉ်းစားမိသွားသဖြင့် မျက်နှာမကောင်းဖြစ်သွားသည်။

" ဒါနဲ့ မောင် ဟီရကိုဘယ်တော့စစ်ထွက်ဖို့ စဉ်းစားထားလဲ"

မောင်တစ်ချက် ရှိုက်လိုက်ပြီးမှ ပြန်ဖြေသည်။

" ရက်အနည်းငယ်အတွင်း ထွက်မယ်။ တစ်ပတ်ထက်တော့ ပိုမကြာလောက်ဘူး"

" ဟီရမှာ ဘာတွေဖြစ်နေပြီလဲ"

" ဆိုးဆိုးဝါးဝါးပါပဲ။ မောင် သတင်းရသလောက်တော့ မင်းယောဇာက ဘိသိတ်ပွဲကျင်းပပြီး တရားဝင်ဘုရင်ရာထူးကို ရယူလိုက်ပြီ။ နောက်ပြီး သူက ဟီရကို လေးဘက်လေးတန်ပိတ်ဆို့လိုက်ပြီး တစ်နိုင်ငံလုံးရဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ထိန်းချုပ်လိုက်တယ်။ သူ့ကိုပုန်ကန်ဝံ့တဲ့သူတိုင်းကို ကွပ်မျက်တယ်။ နောက်ပြီး ပြည်သူတွေကိုလည်း အကြောင်းမရှိအကြောင်းရှာပြီး ဖမ်းဆီးနေတယ်။ အချိန်ကူးသန်းပေါက်ဖွင့်ဖို့ဆိုရင် ဝိဉာဉ်တွေ သိန်းသန်းချီလိုအပ်တယ်။ ဒီလို လိုတဲ့ ဝိဉာဉ်ရဖို့အတွက် မင်းယောဇာတို့က တချို့ရွာတွေမှာ မရမကအပြစ်ရှာပြီး အစုလိုက်အပြုံလိုက်သတ်ပစ်တာမျိုးလုပ်နေကြတယ်။ မောင့်လက်အောက်မှာ ကျန်ခဲ့တဲ့ နယ်မြေတွေပဲ မောင်တို့ကာကွယ်ပေးနေလို့ လုံခြုံနေတာ"

The Everlasting One (volume 2 + 3 )Where stories live. Discover now