Chapter : 138

6.7K 912 344
                                    

Unicode

ကမ္ဘာဦးမျက်ရှင်၏အဆုံးသတ်

___________________

စွမ်းအားကြီးမားလှသည်ဟု ဒဏ္ဍာရီရှိသော ကမ္ဘာဦးမျက်ရှင်သည် အစိတ်စိတ်အမြွှာမြွှာကြေကွဲကာ မြေပေါ်တွင် ပျံ့ကြဲလျက်ရှိသည်။

တိုက်ပွဲဖြစ်ရခြင်း​၏ အဓိကရည်ရွယ်ချက်ဖြစ်သော မျက်ရှင်မှာ အလုံးစုံပျက်စီးသွားပြီဖြစ်ရာ မင်းယောဇာ၊ တပ်မှူးစိတ္တ၊ ကိဏီနှင့် မျက်တစ်လုံးရှင်တို့သည် မည်သည်ကို ဆက်လုပ်ဆောင်ရမည်မှန်းမသိအောင် လမ်းပျောက်လျက်ရှိသည်။

ယင်းအချိန်ဝယ် တပ်မှူးစိတ္တသည် တစ်စုံတစ်ရာကို ခံစားသိရှိသွားသည့်အလား အထိတ်တလန့်ဖြစ်ကာ မင်းယောဇာဘက်ကို စကားတစ်ခွန်း ခပ်တိုးတိုးကပ်ပြောသည်။

ထိုစကားကိုကြားသည်နှင့် မင်းယောဇာသည်

" အားလုံး ချက်ချင်းတပ်ပြန်ဆုတ်ကြ"

ဟု အမိန့်ပေးသည်။

မင်းယောဇာနှင့် သူ​၏အဖွဲ့သည် မြေပေါ်သို့ အလျင်အမြန်တက်ရောက်ရန်ပြင်သည်။ ထိုအခါ သူတို့ထွက်မရအောင် အဏ္ဏနှင့် နရတ်တို့က လမ်းပိတ်လိုက်ပြီး သူတို့ကို တဟုန်ထိုးတိုက်ခိုက်လာသည်။

အရုဏမှာမူ မည်သည်ကိုမှ အာရုံမစိုက်နိုင်တော့ဘဲ သူ့လက်ပေါ်တွင် သတိပြန်မလည်လာတော့သော ယုဂန်ကိုသာ ရှိစုမဲ့စုမျှော်လင့်ချက်များနှင့် လှုပ်နှိုးလျက်ရှိသည်။

အရုဏသည် သူ​၏သည်းပွတ်နှလုံးတို့ လေးလံကာ အဘွန်အမင်းကြောက်ရွံ့လျက်ရှိ​၏။

ယုဂန်​၏ပခုံးကိုလှုပ်ခါနေသော သူ​၏လက်တို့မှာ စိုးရိမ်နာကျင်မှုတို့ကြောင့် တုန်ခါလျက်ရှိပြီး အသက်ရှူရခြင်းမှာပင် သူ့အတွက် မွန်းကျပ်နေသည်။

သူကြောက်သည်။

ယုဂန်ကို ဆုံးရှုံးလိုက်ရမည်၊ ယုဂန်တစ်ခုခုဖြစ်သွားမည် စသည်ကို သူကြောက်သည်။

အရုဏ ယုဂန်​၏နှလုံးသွေးကြောရှိရာ လည်ပင်းနားကို လက်ဖြင့် ဖိစမ်းလိုက်သည်။

ယုဂန် နှလုံးမခုန်တော့ပေ။

သူ ယုဂန်​၏မျက်လုံးကို အသာအယာဖွင့်ကြည့်သော် မျက်ဖြူလန်နေသည်ကိုသာ တွေ့ရသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now