Chapter : 135

6.5K 817 158
                                    

Unicode

ဒေါဝံမြို့တွင် အန္တရာယ်ကျရောက်လေပြီ

________________

" အားလုံး မြေပေါ်ကိုတက်ကြ"

အရုဏ​၏အမိန့်သံဆုံးသည်နှင့် နဂါးမင်းသားအဏ္ဏမှ ဦးဆောင်၍ ဂူတံခါးကိုဖွင့်ကာ ယခင်နည်းလမ်းအတိုင်း မြေပေါ်သို့ အလျင်အမြန်ပြေးတက်ကြသည်။

မြေပေါ်သို့ရောက်လေသော် အရုဏ၊ အဏ္ဏနှင့် ရေဝတီတို့သည် လူအသွင်ပြန်လည်ဖန်ဆင်းလိုက်သည်။

မရှေးမနှောင်းပင် သူတို့​၏ဘေးပတ်လည်တစ်လျှောက် အဲမောင်းအချွန်များက သူတို့ကို ဦးတည်ရွယ်လာသည်။

အဲမောင်းကိုင်ဆောင်ထားသော စစ်သည်များက သူတို့ဘေးတွင် အယောက်တစ်ရာမျှရှိသည်။ ယင်းစစ်သည်များထံတွင် အနက်ရောင်အငွေ့များလှိုက်နေသောကြောင့် မှော်နက်ဖြင့်ပြုစားခံထားကြောင်း၊ မှော်နက်ဖြင့် စွမ်းအားအတိုးခံထားရကြောင်း သိရှိနိုင်သည်။

ထို့နောက်တွင်မူ သစ်ပင်ကြီးတစ်ပင်​၏အကိုင်းပေါ် ခြေချိတ်ထိုင်နေသည့် စုန်းမကိဏီနှင့် ယင်းသစ်ပင်ဘေးရှိ တိုက်ဆင်ပေါ်တွင် အခန့်သားထိုင်နေသော မင်းယောဇာကို တွေ့ရသည်။

မင်းယောဇာက ခနဲ့တဲ့တဲ့ရယ်သည်။

" ငလျင်လှုပ်တော့ မြေထဲက အကောင်ပလောင်တွေ မြေပေါ်တက်လာရတာပဲ မဟုတ်လား"

အရုဏ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ မင်းယောဇာ ဒေါဝံသို့ တစ်ချိန်ချိန် ရောက်ရှိလာမည်မှန်း ခန့်မှန်းမိသော်လည်း ယခုလို မြို့ကို ရုတ်တရက်ဖောက်ခွဲရင်း ရောက်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။

စဉ်းစားနေရင်းမှာတင် ကျယ်လောင်လွန်းသော ပေါက်ကွဲသံကြီးနှင့်အတူ မြေကြီးတို့ တုန်ခါသွားပြန်သည်။

မင်းယောဇာက တစ်မြို့လုံးကို ဖောက်ခွဲ၍ မြေလှန်ပစ်ရန် ကြံစည်ထားပုံပေါ်သည်။

" ဒီမှာ ဟေ့ကောင်၊ ဒီမှာရှိနေတဲ့လူတွေအတွင်း မင်းရဲ့ဘိုးအေထက် ဆယ်ဆလောက် ပိုအသက်ကြီးတဲ့လူတွေပါတယ်။ အကြီးတွေကို ရိုရိုသေသေစကားပြောရမှန်း မင်းအမိက မသင်ထားဘူးလား"

The Everlasting One (volume 2 + 3 )Where stories live. Discover now