Chapter : 155 ( ဒု)

4.2K 445 42
                                    

Unicode

အချိန်ယန္တရား

____________________

အမှောင်...

အမှောင်...

အမှောင်ဟာ လစ်ဟာခြင်း၊ ပေါ့ပါးခြင်း၊ အချုပ်အနှောင်ကင်းမဲ့ခြင်း၊ လွင့်မျောခြင်း စသောအရာအားလုံးအား တစ်ပါတည်း ဆောင်ကြဉ်းပေးခဲ့သော ကြားခံနယ်နိမိတ်တစ်ခုသာ။

အမှောင်ကြောင့် သူ​၏အမြင်အာရုံတွင် မည်သည့်အရာမျှ မရှိတော့။ အမှောင်ကြောင့် သူ​၏အကြားအာရုံတွင် မည်သည့်အသံမှ မကြားတော့။

အမှောင်ကြောင့်ပင် သူဟာ အတိုင်းမသိမျောလွင့်နေပြီး ဘယ်ဆီဘယ်ဝယ်ကို ဘယ်နည်းဘယ်ပုံရောက်ရှိနေသလဲ ဆိုတာကို ဘာဆိုဘာမှ မသိနိုင်တော့ပါချေ။

သူစီးလာခဲ့သော မြင်းပျံကိုလည်း မခံစားမိတော့ပါ။ မည်သည့်အချိန်ကိုရောက်ရှိနေပြီး မည်သည့်အရပ်ကို ဦးတည်နေမှန်းလည်း လုံးလုံးမသိရ။ ယုတ်စွအဆုံး သူဟာ သူ​၏လက်နှင့်ခြေများ တည်ရှိမှုကိုပင် မခံစားမိတော့ပေ။

နဂါးငွေ့တန်းဂလက်စီများ​၏ကြားတွင် ဗလာနယ်မြေတစ်ခုရှိကြောင်း သူမှတ်သားဖူးသည်။ ဂလက်စီများအကြား၌ အလင်း၊ အပူ ဘာဆိုဘာမှမရှိဘဲ အမှောင်သာကြီးစိုးသော နေရာတစ်ခုရှိသည်ဟုဆိုသည်။ အကယ်၍ မိမိသာ ထိုအမှောင်ထုထဲ လွင့်မျောသွားလျှင် ဘာဆိုဘာမှမရှိသော ဗလာထုထဲ အဆုံးအစမဲ့ မျောပါနေရုံသာ။ ယခု မိမိဟာလည်း ထိုနေရာသို့ ရောက်ရှိနေသလား ဟူ၍ ယုဂန်တွေးတောစပြုမိလာသည်။

ကြောက်စရာကောင်းလှသည်။

ကြောက်စရာဆိုသည်မှာ သေကြေခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ သရဲတစ္ဆေခြောက်လှန့်ခြင်း စသည်တို့မဟုတ်ဘဲ အမှန်စင်စစ်ကို အတိုင်းအတာမဲ့ အမှောင်နှင့် တိတ်ဆိတ်ခြင်းသာ ဖြစ်လေသည်။

ရုတ်တရက် ယုဂန်သည် ခပ်ကျဉ်ကျဉ် ခပ်ဖျဉ်းဖျဉ်း ခံစားချက်ကို ရရှိလိုက်​၏။ ထိုခံစားချက်မှာ အီလည်လည်ကြီးဖြစ်သည့်တိုင် ဘာမျှမခံစားရသည်ထက်စာလျှင် ခံစားမှုရှိလိုက်ခြင်းကပင် သာ၍တော်သေးသည်ဟု သူတွေးမိသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now