Chapter : 100

12.4K 1.3K 219
                                    

Unicode

နန်းတွင်းအရေး၌ သဘောထားများ ကွဲလွဲလာခြင်း

__________________

တစ်နေ့ နံနက်စောစောတွင် ဥတ္တရ​၏ပြည့်ရှင်မင်း ဘရဏသူသည် မယ်တော်ကြီးပဉ္စမာယာ​၏နန်းဆောင်သို့ ဒေါသတကြီးရောက်ရှိလာ​၏။

ယခုလို ဘုရင်ဘရဏသူ​၏ ဒေါသတကြီးအသွင်ကို မြင်တွေ့ရသည်မှာ ရံရွေတော်နှင့် အပျိုတော်များအဖို့ ကြောက်ရွံ့မှုနှင့်အတူ အံ့ဩမှုလည်း ဖြစ်ပေါ်စေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရင်ဘရဏသူသည် မည်မျှပင် တိုင်းပြည်​၏ထိပ်ဆုံးနေရာ၌ရှိစေကာမူ သူ​၏အထက်တွင် မယ်တော်ကြီးပဉ္စမာယာ အမြဲရှိသည်။ ယခင်က ဘရဏသူသည် မယ်တော်ကြီးအရှေ့၌ ဒေါသထွက်ပြဖို့ဝေးစွ၊ တုပ်တုပ်မျှမလှုပ်သူဖြစ်​၏။ မယ်တော်ကြီး​၏စကားအတိုင်း တစ်သဝေမတိမ်းလိုက်နာပြီး မယ်တော်ကြီး ခြေဆိုခြေ၊ လက်ဆိုလက် လှုပ်ပြရှားပြသူဖြစ်သည်။

ဤသို့ မယ်တော်ကြီးရှေ့တွင် တစေရိုကျိုးခဲ့သူက ယခုအခါနန်းဆောင်သို့ ဒေါနှင့်မောနှင့်ရောက်ချလာသည်။

တစ်သက်လုံးခေါင်းငုံ့ခဲ့သည့်မိခင်ကို ဒေါသထွက်ပြလာသည့် ဘရဏသူသည် ကိစ္စတစ်ခုကြောင့် အလွန်အမင်းပင် စိတ်ဆိုးသွားလေသလား၊ သို့မဟုတ် ပြည့်ရှင်မင်းဖြစ်ပြီမို့ သူ​၏ရာဇမာန်ကပင် သူ့ကိုထိန်းကွပ်နေသည့်မယ်တော်ကို တွန်းလှန်ရန် တိုက်တွန်းခဲ့လေသလား။

အပျိုတော်တို့အနေဖြင့် ဤကိစ္စကို ဉာဏ်မမီနိုင်အောင်ရှိသည်။ ဉာဏ်မီအောင်လည်း မကြိုးစားရဲပါ။ နန်းတွင်းအရေးကား သူမတို့ထင်သည်ထက် ရှုပ်ထွေးသည်။ ထို့ကြောင့် အပျိုတော်တစ်သိုက်သည် ဘုရင်ဘရဏသူ နန်းဆောင်တွင်းဝင်လာ၍

" အကုန်ထွက်သွား"

ဟုအော်ငေါက်သည်နှင့် အပြင်သို့ အလျှိုလျှိုထွက်သွားကြတော့သည်။

ပဉ္စမာယာသည် ဆေးလိပ်ကြီးကို စိမ်ပြေနပြေဖွာနေရင်း ဘရဏသူကို စိမ်းစိမ်းစူးစူးကြည့်သည်။ သူမ​၏အကြည့်က ဘရဏသူ​၏ဒေါသကို မနှစ်မြို့ဟန်ရှိသည်။

"မယ်မယ် ကျွန်ုပ်ကို ကြိုတင်မပြောဘဲ အရုဏရဲ့မင်္ဂလာပွဲကို ကြေညာလိုက်တာ မကောင်းလှဘူး...ကျွန်ုပ်က ဘုရင်ဖြစ်တယ်...ဘယ်အရာမဆို ကျွန်ုပ်ကိုအရင်ပြောပြသင့်တယ်...ကျွန်ုပ်ခွင့်ပြုချက်ကိုယူသင့်တယ်"

The Everlasting One (volume 2 + 3 )Where stories live. Discover now