Chapter : 136

7.1K 865 116
                                    

Unicode

တုနှိုင်းမဲ့ ပတ္တမြားမျက်ရှင်
_______________

နဂါးအသွင်ဖြင့် ရေဝတီ၊ ယုဂန်နိုင်၊ ကလေးနှင့် စောရံတို့သည် ပီယံနှင့်နန္ဒတို့ကို အလျင်အမြန်လိုက်လံရှာဖွေ၍ မကြာခင်မှာပင် သူတို့နှင့် ပူးပေါင်းမိသွားလေသည်။

ပီယံ၊ နန္ဒနှင့် ဧကသူတို့က ကြောက်လန့်တကြားဖြင့် ဝရုန်းသုန်းကားဖြစ်နေသော မြို့သူမြို့သားတို့ကို တတ်နိုင်သမျှ ထိန်းကာ ဗုံးမရှိမည့် နေရာများကို စုံစမ်း၍ ထိုလမ်းမှ ထွက်ပြေးနိုင်အောင် အသည်းအသန်လုပ်ဆောင်ပေးနေသည်။

ထိုအချိန်တွင် ရေဝတီရောက်လာသဖြင့် ပို၍ အဆင်ပြေသွားလေသည်။

ရေဝတီက ကောင်းကင်ခရီးမှတစ်ဆင့် ဗုံးများကို အလျင်အမြန်လိုက်ရှာပေးပြီး ဗုံးလွတ်ရာ နေရာကိုပြောသည်။

ပီယံသည် ဒေါဝံသို့ ရောက်ရှိကတည်းက လမ်းများကို တစ်ချက်ကြည့်လိုက်ခြင်းဖြင့် မြို့​၏ လမ်းပန်းဆက်သွယ်မှုအသွယ်သွယ်ကို မှတ်မိပြီးသူဖြစ်သည်။

သို့ပါ၍ သူ​၏ခေါင်းထဲမှာပင် မြေပုံရေးဆွဲကာ ဗုံးလွတ်ကင်းသည့် လမ်းကြောင်းများကို ချမှတ်သည်။

နန္ဒနှင့် ဧကသူတို့က ထိုလမ်းကြောင်းများအတိုင်း ညွှန်ပြပြီး မြို့သူမြို့သားများ ဖရိုဖရဲမဖြစ်အောင်၊ ကြောက်လန့်တကြားထွက်ပြေး၍ လူမပိအောင် တတ်နိုင်သမျှ ထိန်းပေးကြသည်။

ရေဝတီကလည်း သူမ​၏နဂါးကိုယ်ကို တတ်နိုင်သမျှကြီး၍ ရသလောက်လူတင်ကာ မြို့ပြင်ရှိတောအုပ်ထဲသို့ ပို့ဆောင်ပေးသည်။ သူမ​၏ဦးစားပေးလူများက သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများဖြစ်သည်။

​ယုဂန်နှင့် စောရံရောက်လာသောအခါတွင်လည်း သူတို့ပါ လိုက်လံကူညီပေးပြီး ယုဂန်ရင်ဘတ်၌ တွယ်ကပ်နေသည့် ဣန္ဒီလေးဟာတော့ ဘာမှမသိသေးသောကြောင့် ယုဂန်မျက်နှာကိုသာကြည့်လိုက်၊ ဘေးဘီကိုကြည့်လိုက်နှင့် အလုပ်ရှုပ်နေသည်။ 

သို့ရာတွင် များပြားလှသော မြို့သူမြို့သားများအားလုံး လိုက်လံထိန်းကွပ်ပြီး လမ်းပြပေးရန်မှာ မဖြစ်နိုင်ပေ။ အထူးသဖြင့် လူတိုင်းဟာ ကြောက်လန့်ပြီး ဝရုန်းသုန်းကားဖြစ်နေသည်မို့ လူစုပြီး လွတ်လမ်းပြရသည်မှာ အလွန်တရာခက်ခဲသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now