Chapter : 159

4.6K 445 127
                                    

Disclaimer: Sexual content alert !

Unicode

နေ့ရက်သစ်များ
_____________

နန်းတော်​၏ ကျယ်ဝန်းသောမြေနေရာတစ်ခုဝယ် ဆိုင်းသံ၊ ဗုံသံ၊ တေးသီချင်းသံများ အကျအန မြူးကြွကခုန်နေသည်။

ဆိုင်းဝိုင်းတစ်ဖက်ရှိ မြေနေရာလွတ်တွင် စည်းချက်နရီကျစွာ ကပြဖျော်ဖြေနေသော ပန်တျာသည်များရှိသကဲ့သို့ တစ်ဖက်တွင်လည်း လူအများကို ဧည့်ခံပြုစုရန်၊ စားကောင်းသောက်ဖွယ်များ ဆောင်ယူပေးရန်၊ လိုအပ်သမျှ ဆောင်ရွက်ပေးရန်အတွက် ရံရွေတော်များ အဆင်သင့်ရှိနေသည်။

ပျော်ပွဲရွှင်ပွဲသည် မီးရောင်များ ထိန်ထိန်ညီး၍ စားကောင်းသောက်ဖွယ်များ၊ မြူးကြွသောတေးသီချင်းသံများနှင့် ပြည့်နှက်နေသည်။

ဤပွဲသည် မင်းအသစ်နန်းတက်ခြင်းအတွက် ကျင်းပသော ပျော်ပွဲဖြစ်လေရာ  ရာထူးကြီးသော မင်းမှုထမ်းများနှင့် ဖိတ်ခေါ်ခြင်းခံထားရသော အထက်တန်းလွှာများသာ ပါဝင်ဆင်နွှဲကြသည်ဖြစ်သည်။

အနှီပျော်ပွဲရွှင်ပွဲ​၏ အဓိက ဇာတ်ကောင်ဖြစ်သော မင်းကြီးအရုဏမှာ ရှင်ဘုရင်အတွက် သီးသန့်ပေးထားသော သလွန်တွင် သူ​၏ကြင်ရာတော်ယုဂန်နှင့်အတူ ယှဉ်တွဲထိုင်ရင်း စားကောင်းသောက်ဖွယ်များ မှီဝဲကာ ပန်တျာသည်များ က,ပြဖျော်ဖြေသည်ကို ကြည့်ရှုနေသည်။

သူတို့​၏ဘေးဘီနှစ်ဖက်တွင် မင်းသားမဏိ၊ ဒေါဏ၊ သုဒီပါ၊ ပီယံ၊ ဧကသူနှင့် ဘဒ္ဒါ၊ သူမ​၏ခင်ပွန်းဖြစ်သူ ရဲသိင်္ခတို့ရှိနေသည်။

နန္ဒ၊ သုန္ဒရီနှင့် နဂါးမင်းသားအဏ္ဏမှာမူ ပန်တျာသည်များနှင့် ခပ်ဝေးဝေးနေရာတွင်ရှိပြီး ကြွေအံကစားနေကြသည်။

အစက သူတို့သည် ငွေပုံ၍ အလောင်းကစားဆန်ဆန် ကြွေအံကစားကြ​၏။ သို့သော်လည်း သုန္ဒရီကသာ ဆက်တိုက်နိုင်နေလေရာ နဂါးမင်းသားအဏ္ဏမှာ ပါသမျှငွေ ကုန်လုနီးနီးပင် ဖြစ်နေလေသည်။ ထို့ကြောင့် သူဟာ နောက်ဆုံးတွင် ညစ်တွန်းတွန်းပြီး လူကြီးအာဏာပြကာ နဖူးတောက်ကြေးဟူ၍သာ အတင်းပြောင်းလဲဆော့စေသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now