Chapter [20]

1.2K 149 0
                                    

Translated by Melinoe_Megami

[Unicode]

အခန်း (၂၀) - လူအုပ်ကြီး ပြန်လည်ငြိမ်သက်သွားပြီ

"အင်တာနက်ပေါ်က စကားတွေကို သိပ်ပြီးစိတ်ထဲမထားနဲ့.." စွန်းယွီဟန်က နဉ်ရှီအနား လျှောက်လာရင်း ရေပုလင်း ကမ်းပေးလာသည်။ "ရေသောက်ဦး.."

"ကျေးဇူးတင်ပါတယ်.. အစ်မယွီဟန်.."

နဉ်ရှီ ရေပုလင်း လှမ်းယူလိုက်သည်။ ရေဘူးက ပါကင်ပိတ်ပုလင်း ဖြစ်နေ၏။ စွန်းယွီဟန်သည် အင်မတန် သတိကြီးသော အမျိုးသမီးဖြစ်ပြီး အသေးစိတ်လေးကအစ အလေးထားတတ်ပေသည်။

အနုပညာလောကထဲတွင် သရုပ်ဆောင်နှစ်ယောက် ဇာတ်ကောင်နေရာ ပြိုင်လုကြခြင်းနှင့်ပက်သက်၍ ပုံပြင်တစ်ပုဒ်ရှိခဲ့ဖူး၏။ တစ်ယောက်က တခြားတစ်ယောက်၏သောက်ရေထဲ အိပ်ဆေးခပ်၍ ကောင်းကောင်း သရုပ်မဆောင်နိုင်အောင် လုပ်ကြံခဲ့ခြင်းပင်။ ထိုကောလာဟလက အနုပညာလောကထဲတွင် လူသိများပြီး အမှန်ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ နဉ်ရှီလည်း မသိပါချေ။ သို့သော် ကျန်းချင်းယွင်ကတော့ သူမကို သတိကြီးကြီးထားခိုင်းသည်။

နဉ်ရှီကြည့်ရသည်မှာ အင်တာနက်ပေါ်မှ အတင်းအဖျင်းများကို စိတ်ထဲထားပုံမပေါ်ချေ။ ဤသည်ကိုကြည့်ရင်း စွန်းယွီဟန်က ပြုံးကာ..

"အစ်မ အပြောခံရတုန်းကဆို လူတွေနဲ့မျက်နှာချင်းမဆိုင်တော့ဘဲ ရက်အတော်ကြာအောင် အခန်းအောင်းခဲ့ဖူးတယ်.. အဲ့အချိန်တုန်းက မတရားခံနေရသလို ခံစားခဲ့ရတာ.. သူတို့ပြောနေသလို ငါလုပ်ခဲ့တာလည်း မဟုတ်ဘဲနဲ့.. အဲ့နေရာမှာ သူတို့လည်း မရှိခဲ့ဘဲနဲ့.. သူတို့က ဘာလို့ သူတို့သိနေသလိုမျိုး ပြောနေရတာလဲ..?"

ပြုံးနေသော စွန်းယွီဟန်ကိုကြည့်ရင်း နဉ်ရှီက ရေတစ်ငုံသောက်လိုက်ကာ..

"ဒါဆို အစ်မဘာလုပ်ခဲ့လဲ..?"

"ပြဿနာကို သေသေချာချာ ပြန်သုံးသပ်ခဲ့တယ်.. နောက်တော့ စိတ်မထိန်းနိုင်တော့ဘူး.. သူတို့တွေ အစ်မကိုယုံကြည်လာအောင် ရှင်းပြခဲ့တယ်.. ဒါပေမဲ့ မုန်းတဲ့လူက မုန်းတာပါပဲ.. သူတို့အတွေးကို လုံးဝပြောင်းလဲမှာမဟုတ်ဘူး.. xာသည်မ၊ ဟန်ဆောင်ကောင်းတဲ့ဟာမ၊ အသုံးမဝင်တဲ့ အလှပန်းအိုး၊ ခွေးမ.. မျိုးစုံအောင် ဆဲဆိုတော့တာပဲ.." စွန်းယွီဟန်က ပင့်သက်ရှိုက်လိုက်ရင်း နဉ်ရှီကို လေးလေးနက်နက် စိုက်ကြည့်လာသည်။ "နင်က တချို့လူတွေအတွက် Idol ဖြစ်နိုင်သလို တချို့မကျေနပ်တဲ့လူတွေအတွက် စိတ်ထွက်ပေါက် ဖြစ်လာနိုင်တယ်.. ဒါက နာမည်ကျော်တစ်ယောက်ဖြစ်လာဖို့ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးပဲ.. အမြင့်ကိုတက်ချင်ရင် ဒီအရာတွေအားလုံးကို လက်သင့်ခံနိုင်အောင် သင်ယူရလိမ့်မယ်.. အနုပညာလောကမှာ အချစ်,အမုန်း အရာအားလုံး လက်ခံနိုင်တာက အောင်မြင်ကျော်ကြားမှုရဲ့ လမ်းစတစ်ခုပဲ.. အဲ့တာကြောင့် နာမည်မကြီးသေးခင် သည်းခံနိုင်ရမယ်.."

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now