Chapter [94]

726 100 4
                                    

Translated by Melinoe_Megami

[Unicode]

“ရှီကွေ့.. အန်တီက ဘယ်လိုပုံစံမျိုးဝတ်တာ ကြိုက်လဲဟင်..?” နဉ်ရှီက အဝတ်အစားဗီရိုဆီ လျှောက်သွားသည်။ အရောင်ဖျော့ဖျော့ အဝတ်အစားများက ရိုးရှင်းပြီး အရောင်တောက်လွန်းလျှင်လည်း အရွယ်ရင့်သွားသလိုလို၊ အရမ်းထင်းသလိုလို ခံစားနေရသည်။ ဗီရိုတစ်ခုတစ်ခုလုံး မွှေနှောက်ရှာဖွေပြီးသည့်တိုင် ဘဝင်ကျရလောက်သည့် အဝတ်အစားမျိုး ရှာမတွေ့ပေ။ “ဒါမှမဟုတ် ရှင် ရွေးပေးပါလား..”

“စိတ်မပူနဲ့.. ကိုယ့်အမေက မင်းကို အရမ်းသဘောကျနေတာ.. မင်းဘာဝတ်ဝတ် TV ပေါ်မှာ မြင်ဖူးပြီးသားလေ..” ချန်းရှီကွေ့က နဉ်ရှီကို အနောက်မှ သိုင်းဖက်လိုက်သည်။ ပြီးနောက် ခပ်သောသောရယ်ပြီး.. “စိတ်မလှုပ်ရှားနဲ့နော်.. ကိုယ်ရှိတယ်..”

“စိတ်မလှုပ်ရှားပါဘူး..” နဉ်ရှီက သူမ၏ဗိုက်ပေါ်မှ လက်ကို အသာပုတ်လိုက်ပြီး.. “ဒီအတိုင်း ကျင့်သားမရသေးလို့ကို..”

“ဟုတ်ပါတယ်.. ဟုတ်ပါတယ်.. ရှီရှီက မကြောက်တတ်ဘူးဆိုတာ ကိုယ်သိပြီးသား..” ချန်းရှီကွေ့က ရယ်ရယ်မောမောဖြင့် နဉ်ရှီ၏ စကားကို သံယောင်လိုက်ကာ ပါးပြင်လေးကို ခိုးနမ်းလိုက်သည်။

နဉ်ရှီက အလိုလိုက်နေသော ထိုစကားလုံးများကို မကြားယောင်ပြုပြီး အင်္ကျီဆက်ရွေးလိုက်၏။ အဆုံးမှာတော့ ပိုးချည်ပုဝါလေးနှင့်အတူ ကိုယ်တိုင်းဖြင့် သေချာချုပ်ထားသည့် အရောင်နုနု ချီဖောင်လက်ရှည်တစ်ထည်ကို ရွေးချယ်လိုက်သည်။ ထို့နောက် ကြော့ရှင်းသော်လည်း အရမ်းထင်းမနေသည့် လက်ဝတ်လက်စားတချို့ ရွေးချယ်ဝတ်ဆင်၍ ကပိုကရိုကျနေသည့် ဆံနွယ်များကို သပ်တင်လိုက်သည်။ မှန်ထဲမှ ပုံရိပ်ကိုကြည့်ပြီး ကျေနပ်စွာ ရယ်လိုက်မိသည်။

ယခင်က ရုပ်ရှင်ကြည့်လျှင် နှစ်ဖက်မိဘများကို သွားရောက်တွေ့ဆုံသည့် ဇာတ်ဝင်ခန်း၌ ကောင်လေး သို့မဟုတ် ကောင်မလေးက အဘယ်ကြောင့် စိတ်လှုပ်ရှားနေကြမှန်း သူမ  နားမလည်နိုင်ခဲ့ပေ။ သမီးရည်းစားဆက်ဆံရေးသည် လူနှစ်ယောက်တည်းဖြင့်သာ သက်ဆိုင်ကြောင်း သိသာနေပါသော်ငြား အဘယ်ကြောင့် တခြားလူများ၏ အတွေးအမြင်ကို ဂရုစိုက်နေပါသနည်း။ သို့သော် ယခုတော့ သူမကိုယ်တိုင် နားလည်သွားချေပြီ။ တစ်စုံတစ်ယောက်ကို စိတ်ရင်းအမှန်ဖြင့် အလေးထားမိလျှင် မည်သို့ပင် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေပါစေ၊ ယခုလိုအချိန်မျိုး၌ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်မဟုတ်ပေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now