Translated by Melinoe_Megami
[Unicode]အပိုင်း - (၉၁)
ခြံဝင်းတစ်ခုလုံး အနီ၊ အဖြူ၊ အပြာရောင် နှင်းဆီပန်းများဖြင့် ဖုံးလွှမ်းနေကြောင်း ကျန်းချင်းယွင် တွေ့လိုက်ရ၏။ သူ၏စိတ်ထဲ ပထမဦးဆုံး ဝင်လာမိသည့်အတွေးကား.. ‘ဒီလောက်ပန်းတွေအများကြီး.. ဘယ်လောက်တောင် ပေးရမလဲမသိဘူး..?’
မဟုတ်.. နေစမ်းပါဦး.. မစ္စတာချန်းက နဉ်ရှီကို လက်ထပ်ခွင့်တောင်းတော့မလို့ထင်တယ်..?
ကျန်းချင်းယွင်သည် အိမ်ထဲမှ မျက်နှာတည်တင်းနေသော နဉ်ရှီကို လှည့်ကြည့်လိုက်သည်။ ပြီးနောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် လှမ်းခေါ်လိုက်သည်။ “နဉ်.. နဉ်ရှီ.. ဒါတွေကို လာကြည့်ပါဦး..”
နဉ်ရှီလည်း ကျန်းချင်းယွင်၏ ထူးဆန်းသောမူဟန်ကို သတိပြုမိသွားသဖြင့် တံခါးဝသို့ လျှောက်လာလိုက်သည်။ အပြင်ဘက်မှ ပန်းခင်းပင်လယ်ကြီးကို မြင်လိုက်ရချိန် အံ့ဩမှင်သက်သွားရ၏။ မိန်းကလေးတစ်ယောက်ကို ပန်းပေးပြီး ချစ်ရေးဆိုတာ၊ သို့တည်းမဟုတ် လက်ထပ်ခွင့်တောင်းတာက အပေါစားဆန်ပြီး ခေတ်မမီတော့ဟူ၍ ဆိုကြသည်။ သို့သော် ထိုအပေါစားဆန်ပြီး ခေတ်မမီတော့သည့် နည်းလမ်းကို စိတ်ရင်းအမှန်ဖြင့် လုပ်ဆောင်လိုက်သောအခါ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖြစ်နေတော့သည်။
“မစ်နဉ်.. ဒီပန်းတွေက မစ္စတာချန်းပေးတာပါ.. ကျေးဇူးပြုပြီး လက်ခံပေးပါ..” အဖြူရောင်အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် နဉ်ရှီထံ အဖြူရောင်နှင်းဆီပန်းစည်း ကမ်းပေးလာသည်။ နဉ်ရှီမှာ အယောင်ယောင်အမှားမှားဖြင့် ထိုပန်းစည်းကို လက်ခံလိုက်ပြီး တံခါးအပြင်သို့ လျှောက်လာမိသည်။
အပြင်ဘက်ခြံဝင်းတစ်ခုလုံး နှင်းဆီပန်းများဖြင့် ဖုံးလွှမ်းနေပြီး ပျံ့လွင့်နေသည့် ပန်းရနံ့သင်းသင်းကြောင့် နဉ်ရှီပင် အနည်းငယ် မူးဝေသွားသလို ခံစားလိုက်ရသည်။ အင်တာနက်ပေါ်တွင် မကောင်းသတင်းများ ပျံ့နှံ့နေပါသော်ငြား ထိုမကောင်းသတင်းများ၏ အဓိကဇာတ်ဆောင်ကတော့ ပန်းပွင့်များအလယ် ရိုမန့်တစ်ဆန်ဆန် မတ်တပ်ရပ်နေလေသည်။ တံခါးနောက်မှာရပ်နေသည့် ကျင်းချင်းယွင်ခမျာလည်း မထိန်းနိုင်အောင် လျှောက်တွေးနေမိတော့သည်။
YOU ARE READING
နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️
FantasyOriginal Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(completed) I do not own any of this novel. All credits go to original author. Collaborative Work!!!