Chapter [67.1]

909 126 4
                                    

[Unicode]

အခန်း (၆၇.၁)

“ကံကောင်းခြင်းတွေ ရောက်လာခဲ့ပြီ”ကို တရုတ်နှစ်သစ်ကူးကာလအတွင်းမှာ ထုတ်လွှင့်ပြသမည်ဟု သတ်မှတ်ထားသည့်အလျောက် ရိုက်ကူးရေးတစ်ဖွဲ့လုံးက အချိန်တချို့လောက်ထိ အလုပ်ရှုပ်နေရပြီ။ တစ်ခါတလေ နဉ်ရှီခမျာ ညဘက်ဇာတ်ဝင်ခန်းတွေကို အပြီးသတ်ဖို့အတွက် သန်းခေါင်ကျော်အချိန်ကစပြီး မနက်နေထွက်ချိန်အထိ အလုပ်လုပ်ရရှာ၏။

Celebrity တစ်ယောက်၏ ဇီဝနာရီသည် ပုံသေဖြစ်ခဲသည်။ နဉ်ရှီက ကော်ဖီခါးခါးကို နှစ်ငုံလောက်သောက်လိုက်ပြီး အိပ်ချင်စိတ်ကို ချောင်ထိုးထားလိုက်ကာ မိတ်ကပ်ပညာရှင်က သူမကိုမိတ်ကပ်ပြင်ပေးရန် ခေါင်းမော့ပေးလိုက်သည်။

နောက်တစ်ခန်းက အမျိုးသမီးဇာတ်လိုက်ရေထဲကျသွားသည့် အကြောင်းပင်။ ရေကြောက်‌သောရောဂါရှိ‌သည့် အမျိုးသားဇာတ်လိုက်က များများစားစားတွေးမနေဘဲ ရေထဲခုန်ချလိုက်သည်။ ရေထဲတွင် ရုန်းကန်လှုပ်ရှားနေပြီးနောက် ရေအောက်အနက်ဆုံးထိ နစ်မြုပ်သွားကာ နောက်ဆုံး အမျိုးသမီးဇာတ်လိုက်ကပင် သူ့ကိုကယ်ခဲ့ရသည်။

ထုတ်လုပ်ရေးအဖွဲ့က ဤဇာတ်ဝင်ခန်းကိုရိုက်ကူးဖို့အတွက်  တန်ဖိုးကြီးနေရာတစ်ခုကို အထူးတလည်ငှားရမ်းခဲ့သည်။ ကြီးကျယ်ခမ်းနားသော ဒင်နာပါတီဇာတ်ကွက်ကို ပြန်လည်ဖန်တီးဖို့ရန် ခမ်းနား‌ထည်ဝါသောအိမ်၊ ကွင်းပြင်ကျယ်ကြီးတစ်ခုနှင့် ရေကူးကန်လည်း ပါရှိလေသည်။

မြို့တော်ရှိ ဆောင်းညသည်ကား အလွန်တရာအေးစိမ့်လှသည်။ နဉ်ရှီက ပွဲတက်ဝတ်စုံကို ဝတ်လိုက်ပြီး ခြုံထည်ထူထူနှင့်ပတ်ထားလိုက်သည်။ သူမခေါင်းမူးလာတာကြောင့် နဖူးကိုပွတ်လိုက်သည်။ သို့ပေသိ သည်ဇာတ်ဝင်ခန်းကိုပြင်ဆင်ရန်အလို့ငှာ ရိုက်ကူးရေးအဖွဲ့သားများက သိသိသာသာကို အားစိုက်ထားရ၏။ သို့ဖြစ်ရာ သူမထံ၌ တစ်ခုခုဖြစ်သွားပါလျှင် ရိုက်ကူးရေးအဖွဲ့၏အားစိုက်မှုက သဲထဲရေသွန်ဖြစ်သွားလိမ့်မည်။

သူမ ရှောင်ယန်ကို အဖျားကျဆေးနှစ်လုံး ယူလာခိုင်းလိုက်သည်။ ဆေးသောက်ပြီးနောက် ရှောင်ယန်၏စိုးရိမ်နေသည့်အကြည့်ကိုမြင်တော့ သူမ၏ပါးကိုဆွဲလိုက်သည်။ “စိတ်မပူနဲ့...အစ်မအဆင်ပြေတယ်”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now