Chapter 15

177 15 0
                                    

လုယူခြင်း

အသက်ရှင်သန်ရာဘဝ ဆိုသည်မှာကား အဘယ်နည်း။အချိန်​တော်​တော်များများကို နာကျင်မှုများဖြင့် ဖြတ်သန်း​​​စေရင်း ဘဝသင်ခန်းစာအဖြစ် ​ထိုအရာကို ​ဖြေရှင်းရခြင်းသာဖြစ်၏။

ဥပမာ ငတ်မွန်​ခေါင်းပါးခြင်း...ဆင်းရဲ​ခေါင်ခိုက်ခြင်း...​နေထိုင်စရာမရှိဘဲ အိမ်​ခြေမဲ့​​နေခြင်း..စသည် စသည်...

ရွမ်​ရှောက်နန် ဖုန်း​ခေါ်လာသည့်အချိန်တွင် ​ဝေ့ရှီနှင့်ရူ​ဖေးက အလုပ်ပြီး၍ အိမ်​ပြန်တော့မည်ဖြစ်သည်။​ရွမ်​ရှောက်နန် အသစ်ဝယ်​ပေးထားသည့် မီးလင်း​နေသည့်ဖုန်းမျက်နှာပြင်မှ သူ၏နာမည်ကို လှမ်းကြည့်လိုက်၏။အရင်ဖုန်းက သူကိုယ်တိုင်ရိုက်ခွဲလိုက်ပြီးဖြစ်သဖြင့် အသစ်တစ်လုံးကို ဝမ်တုန်းရန်မှတဆင့် ​ကျောင်းသို့ တိုက်ရိုက်လာ​ပေးသွားခြင်းဖြစ်၏။

​နောက်ဆုံး​ပေါ်ဖုန်းဖြစ်သဖြင့် ​စျေးကြီးမည်မှာမဆန်း​ပေ။ဖုန်းလက်ခံရရှိကတည်းက Contact ထဲတွင် နာမည်များထည့်ထားပြီးဖြစ်ကာ ရွမ်​ရှောက်နန်၏ လက်ကိုင်ဖုန်းနံပါတ်၊ ရုံးဖုန်းနံပါတ်၊ အိမ်ဖုန်းနံပါတ်၊ အတွင်း​ရေးမှူးဖုန်းနံပါတ်၊ driver ဖုန်းနံပါတ်အပြင် သူ၏လက်​ထောက်ဖုန်းနံပါတ်ပါ ပါ​သေးသည်။

ဖုန်းက အဆက်မပြတ်ကိုမြည်​နေဆဲဖြစ်သဖြင့် ကံကြမ္မာကို ​မျှော်ကိုးရင်း ​ဝေ့ရှီဖုန်း​ဖြေရန် ကြိုးစားလိုက်၏။

"​ဝေ့ရှီ...ကိုယ် မင်းကိုလွမ်း​နေတာ..."

​ကောင်းလိုက်​လေခြင်း။ရိုးရှင်း​သောစကားတစ်ခွန်းတည်းဖြင့် ဆိုလိုချင်သည့်အဓိပ္ပါယ်အားလုံးကို ​ဖော်ပြနိုင်၏။​ဝေ့ရှီက တစ်ဖက်ရှိ ရွမ်​ရှောက်နန်၏ ​မေးခွန်းပြန်မထုတ်​အောင်အကြပ်ရိုက်လိုက်နိုင်သည့်အတွက် ​ကျေနပ်​နေမည့်အမူအရာကြီးကို မြင်​ယောင်မိလိုက်၏။

"အရမ်း​နောက်ကျ​နေပြီ...အိမ်ပြန်​​တော့မလို့..."

​သေခြင်းတရားဆီသို့ မတိုးဝင်လိုသလို ရရာရ​ကြောင်းရုန်းကန်ချင်မိ​သေး၏။

"မင်း​မေ​မေရဲ့အရိုးပြာ​လေ...​နေရာ​ကောင်း​ကောင်း​လေးတစ်ခုရှာပြီး ​အေး​အေးချမ်းချမ်းအနားယူခိုင်းသင့်တယ်လို့မထင်ဘူးလား"

Alluring [ ဘာသာပြန် ]Where stories live. Discover now